ရန်ကုန်မြို့တွင် ဈေးဝယ်စင်တာ ဆိုင်ခန်းနေရာငှားရမ်းခများ မကြာမီအတွင်း ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဟု Colliers International က ခန့်မှန်းလိုက်ကြောင်း သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဈေးဝယ်စင်တာဆိုင်ခန်းနေရာများ ထပ်မံဖြည့်တင်းပေးခဲ့သော်လည်း နေရာအားလုံးနီးပါး အငှားချထားခဲ့ရသည်ဟု ဆိုသည်။
ယင်း၏ အကျိုးဆက်အားဖြင့် ရန်ကုန်၏ လက်လီဆိုင်ခန်း ငှားရမ်းခမှာ မကြာမီကာလအတွင်း ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအကြား မြင့်တက်လာဖွယ်ရှိနေကြောင်း Colliers International ၏ သုတေသနနှင့် အကြံပေးအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သူ ဂျိုအန် မေလီက ဟောကိန်းထုတ်လိုက်သည်။
Colliers International မှ ထုတ်ပြန်သော သုတေသနအစီရင်ခံစာတစ်ရပ်အရ ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးလာနေသည့် ရန်ကုန်မြို့တွင် လက်လီအရောင်းဆိုင်ခန်းနေရာ စုစုပေါင်းအကျယ်အဝန်း ၇၉၄၀၀ စတုရန်းမီတာခန့် ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ယင်းပမာဏမှာ ၂၀၁၆ ခုနှစ်တွင် ဈေးကွက်သို့ ဖြည့်တင်းပေးနိုင်ခဲ့မှုထက် ၂ ဆကျော် များပြားနေသည်ဟုလည်း ဆိုသည်။
သို့ရာတွင် ဈေးကွက်တွင်ရှိနေသည့် ဆိုင်ခန်းနေရာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို အငှားချထားပေးနိုင်ခဲ့သောကြောင့် ယင်းပမာဏမှာ အရှေ့တောင်အာရှနိုင်ငံအားလုံးတွင် အမြင့်မားဆုံး ပမာဏလည်းဖြစ်သည်ဟု ဆိုသည်။
ယင်းကိန်းဂဏန်းများက မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ်ယုံကြည်မှုအခြေအနေကို မီးမောင်းထိုးပြနေသည်ဟုလည်း Colliers International ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနျစ်အတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းခန့် ပိုမိုဖွံ့ဖြိုးတိုးတက်လာဦးမည်ဟုလည်း ခန့်မှန်းထားသည်။
ရန်ကုန်တွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ဂျန်းရှင်းစီးတီးနှင့် စိန့်ဂျွန်းစီးတီးမောလ်တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ရာ လက်လီအရောင်းဆိုင် အငှားဈေးကွက်သို့ ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၆၇၀၀၀ ခန့် ဖြည့်တင်းပေးနိုင်ခဲ့သည်။
Developer တို့အနေဖြင့် အငှားချထားရာတွင် လုပ်ငန်းကဏ္ဍစုံလင်ရေးကို အလေးထားသင့်ကြောင်းလည်း ဂျိုအန် မေလီက တိုက်တွန်းခဲ့သည်။
“ပိုင်ရှင်တွေအနေနဲ့ အငှားချထားရာမှာ ကျန်းမာရေးစင်တာတွေ၊ ပြခန်းတွေ၊ ဝန်ဆောင်မှုပေးသူတွေရဲ့ ရုံးခွဲတွေအစရှိသဖြင့် ကဏ္ဍစုံက လုပ်ငန်းရှင်တွေကို စွဲဆောင်နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်” ဟုလည်း ဂျိုအန်မေလီက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)