ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၄ ရက်က လွှတ်တော်မှာ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုအခွန် အကောက်ဥပဒေကြမ်းကို အစိုးရက တင်သွင်းခဲ့ပြီး ဥပဒေကြမ်းရဲ့ အပိုဒ် ၂၅ မှာ လုပ်ငန်းရှင်တွေ တောင်းဆိုခဲ့ကြတဲ့ ဝင်ငွေခွန်တွေလျှော့ချပေးဖို့ အချက်ဟာလည်း ပါဝင်လာပါတယ်။
ဒီလို ဝင်ငွေခွန်ကောက်ခံမှုတွေကို လျှော့ချမယ်လို့ဆိုတဲ့အပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ အိမ်ခြံမြေလုပ်ငန်းရှင်တွေနဲ့ ဆက်စပ်လုပ်ငန်းရှင်တွေက အခမ်းအနားကျင်းပပြီးတော့ကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
အဲဒီမတိုင်မီကလည်း ဆောက်လုပ်ရေးဈေးကွက်ဟာ အေးစက်ပြီး ထိုင်းမှိုင်းနေတဲ့အတွက် အခွန်ငွေတွေကို လျှော့ချပေးဖို့အတွက် လုပ်ငန်းရှင်တွေက ရန်ကုန်နဲ့ မန္တလေးမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက အစိုးရနဲ့ တွေ့ဆုံတောင်းဆိုခဲ့ကြတာကြောင့် အဲဒါရဲ့ရလဒ်ထွက်လာပြီဆိုပြီး ဝမ်းသာခဲ့ကြပါတယ်။
ဒါပေမဲ့ မတ် ၂ဝ ရက်က ပြည်ထောင်စုလွှတ်တော်မှာတော့ ဒီဥပဒေကို အတည်ပြုပြဠာန်းခဲ့ရာမှာ ဥပဒေကြီးတစ်ခုလုံးမှာမှ လူတွေစိတ်အဝင်စားဆုံးဖြစ်တဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဆိုင်တဲ့ ပုဒ်မ ၂၅ ဟာ ပါမလာတော့ပါဘူး။ လွှတ်တော်က ဒီဥပဒေကို အစိုးရတင်ပေးတဲ့ ဥပဒေကြမ်းပါအတိုင်း အတည်ပြုမှာကို မလိုလားတဲ့သူတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတာတွေလည်းရှိခဲ့တဲ့အတွက် အစိုးရ၊ လုပ်ငန်းရှင်နဲ့ လွှတ်တော်အမတ်တွေကြား အစည်းအဝေးငါးကြိမ်ပြန်ထိုင်ကာ ဒီဥပဒေကို ပြဠာန်းလိုက်တာဖြစ်ပါတယ်။
အခွန်လွတ်ငြိမ်းခွင့် ပုဒ်မဟာ ဥပဒေကြမ်းမှာတုန်းက အရင်က အခွန်မဆောင်ခဲ့၊ ရှောင်ခဲ့တဲ့ ငွေတွေကို လာမယ့်နှစ်မှာ ပထမခြောက်လအတွင်း အခွန်သုံးရာခိုင်နှုန်း၊ ဒုတိယခြောက်လအတွင်း အခွန်ခြောက်ရာခိုင်နှုန်းပေးပြီး ငွေဖြူပြောင်းခွင့်ပေးဖို့ ပြဠာန်းထားတာပါ။ ဒါကို ချန်လှပ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကြား အတော်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပြီး တချို့ဆို မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုပါပဲလို့ ဆိုပါတယ်။
''ဒီပုဒ်မလေးဟာ မျှော်လင့်ချက်ပေါ့။ ဒီမျှော်လင့်ချက်ကို ထိန်းသိမ်းပြီးနေနေကြတာလေ။ မျှော်လင့်ချက်ပျောက်သွားတော့ အနာဂတ်ပျောက်သွားတာပေါ့''လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။
ဆောက်လုပ်ရေးကဏ္ဍကတော့ အခုအချိန်မှာ အရောင်းအဝယ်တွေက မရှိသလောက်ဖြစ်နေပြီး အသစ်ထပ်မဆောက်နိုင်တာတို့၊ ဆောက်ပြီးသားအခန်းတွေ မရောင်းနိုင်တာတို့၊ ဆောက်လက်စတွေလည်း ဆက်မဆောက်နိုင်တာတွေဖြစ်နေပြီး အခွန်နှုန်းမြင့်တာကြောင့် အခန်းတန်ဖိုးတွေလည်း ရှိသင့်တဲ့နှုန်းထားတွေထက် မြင့်နေတယ်လို့လည်း ဦးကျော်ကျော်စိုးက လက်ရှိဆောက်လုပ်ရေးလောကရဲ့အခြေအနေကို ပြောပြပါတယ်။
''အခွန်မလျှော့ဘဲ အရင်အတိုင်းပဲ သွားမယ်ဆိုတော့ ဆောက်လုပ်ရေးလောကပြိုတော့မယ်လို့ပဲ ပြောရမှာပါ''လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။
အိမ်ခြံမြေလောကဟာ လက်ရှိအချိန်မှာ လှုပ်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဖြေလျှော့မှုတွေမရှိတော့ရင် မကြာခင်ပြိုပျက်သွားတော့မယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုက ညည်းတွားပါတယ်။
သို့သော်လည်း သူတို့မျှော်လင့်ထားတာ လုံးဝစုံးစုံးမြုပ်သွားတာတော့မဟုတ်သေးဘူးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ လုပ်ငန်းရှင်တွေရဲ့ မျှော်လင့်ချက် ပုဒ်မ ၂၅ ပါအချက်တွေကို သီးသန့်ဥပဒေအနေနဲ့ ပြဠာန်းပေးမယ်လို့ လွှတ်တော်ရဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ မတ် ၂ဝ ရက်က အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီလိုပြဠာန်းမယ်ဆိုရင်လည်း အချိန်ဆွဲမနေဘဲ အမြန်ဆုံးပြဠာန်းသင့်တယ်လို့လည်း ဦးကျော်ကျော်စိုးက ဆိုပါတယ်။
အခွန်လျှော့ပေါ့ရေးကို ချန်လှပ်ထားခဲ့တဲ့ လွှတ်တော်ရဲ့ အဓိကအကြောင်းပြချက်ကတော့ ငွေမည်းတွေ ငွေဖြူဖြစ်လာမှာကို စိုးရိမ်မှုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီကိစ္စကို သေချာစွာကိုင်တွယ်နိုင်ဖို့ ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သေချာအစီအစဉ်ရေးဆွဲပြီး သီးသန့်ဥပဒေအတိုင်း အကောင်အထည်ဖော်နိုင်မှသာ ဆက်ဆောင်ရွက်ဖို့ လွှတ်တော်က ဆိုင်းငံ့လိုက်တဲ့သဘောဖြစ်ပါတယ်။
အသေးစိတ်အားဖြင့် ဆိုရရင်တော့ ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာမှာ အခွန်သက်သာခွင့် လုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ခြင်း၊ ရှင်းလင်းလွယ်ကူစွာ လိုက်နာရန် လိုအပ်ခြင်း၊ နှစ်စဉ် အခွန်ပုံမှန်ထမ်းဆောင်နေသည့် ပြည်သူများ နစ်နာမှုမရှိစေရန် လိုအပ်ခြင်း၊ သတ်မှတ်ခွင့်ပြုကာလ ကုန်ဆုံးပြီးနောက် အရေးယူမည့်အခြေအနေများကို တိကျစွာဖော်ပြရန် လိုအပ်ခြင်း၊ သတ်မှတ်ချက်ဖြင့် သက်သာခွင့်ပြုသည့် အခွန်ကို မမှန်မကန်သော နည်းလမ်းဖြင့် ထမ်းဆောင်ခဲ့ပါက အရေးယူနိုင်ရန် လိုအပ်ခြင်း၊ အသစ်ပြဠာန်းမည့် ဝင်ငွေခွန်ဥပဒေပါ ပြဠာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ခြင်းတို့ကြောင့် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
အစိုးရအနေနဲ့ ပြင်ဆင်ရမယ့်ကဏ္ဍတွေ ရှိနေသေးတဲ့အတွက် ဒီအချက်ကို ဥပဒေတစ်ခု ပြဠာန်းပေးမယ်ဆိုပါက ယခုနှစ် ဘတ်ဂျက်မပိတ်မီ အမြန်ဆုံးပြဠာန်းပေးစေလိုကြောငှ်းကခခနျ အိမ်ခြံမြေ အကြံပေးကုမ္ပဏီရဲ့ အရောင်းဌာနဒါရိုက်တာ ဦးကျော်စည်သူက ပြောပါတယ်။
''ဒီအချက်ကို ချန်ထားခဲ့တာဟာ အစိုးရိမ်လွန်လွန်းအားကြီးတယ်လို့ မြင်တယ်။ ဒီလိုချန်ထားခဲ့တဲ့အတွက် လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း မျှော်လင့်ချက်တွေ မဲ့သွားတယ်''လို့ သူက ပြောပါတယ်။
ဥပဒေပြုရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း မြေပြင်ကို ကွင်းဆင်းပြီး အခြေအနေတွေကို သေချာလေ့လာပြီးမှ ဥပဒေတွေကို အတည်ပြုသင့်တယ်လို့လည်း သူကဆိုပါတယ်။
''ကျွန်တော်တို့က အခွန်များများရစေချင်တာ၊ အခွန်မြင့်မြင့်ကောက်စေချင်တာမဟုတ်ဘူး''လို့ သူက ဆိုပါတယ်။
အိမ်ခြံမြေဈေးကွက်အေးစက်တာ လေးနှစ်ခန့်ရှိလာပြီး အခွန်သက်သာခွင့် ဖြေလျှော့ပေးလိုက်ပါက အိမ်ခြံမြေဈေးကွက် ပြန်ကောင်းလာဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေက မျှော်လင့်နေကြဆဲဖြစ်ပါတယ်။
အခွန်လျှော့ချမပေးတာ သေချာသွားရင်တော့ ဈေးကွက်ပြန်မကောင်းလာနိုင်တော့တဲ့အပြင် အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ တခြားလုပ်ငန်းလုပ်ကိုင်သူတွေပါ ထိခိုက်လာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောပါတယ်။
''တစ်ကြိမ်သာဝယ်ယူနိုင်တဲ့ ပြည်သူတွေအတွက် အခွန်လျှော့ပေါ့ပေးဖို့လိုအပ်ပါတယ်''လို့ သူက ဆိုပါတယ်။
အခွန်တွေကို လျှော့ပေါ့မပေးနိုင်ရင်တောင်မှ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိအောင် မူဝါဒတွေချမှတ်ပေးနိုင်မှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအပြင် ရွှေနဲ့ တခြားလုပ်ငန်းများစွာ လုပ်ကိုင်တဲ့ ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါတယ်။
အစိုးရအနေနဲ့ အခွန်ကို လျှော့ချမပေးနိုင်ဘူးဆိုရင် တစ်ဖက်မှာ အခြေခံအဆောက်အအုံစီမံကိန်းတွေဖြစ်တဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခန်းရေ သိန်းနဲ့ချီပြီး ဆောက်လုပ်ဖို့ လိုအပ်တယ်လို့လည်း ဦးကျော်ကျော်စိုးက ဆိုပါတယ်။
ယင်းကဲ့သို့ စီမံကိန်းများစွာကို ဖော်ဆောင်လိုက်ခြင်းဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ လုပ်သားတွေနဲ့ ဈေးကွက်ကိုပါ တစ်ပြိုင်တည်းလှုပ်နှိုးသလိုဖြစ်ပြီး ပြန်လည်ပတ်လာနိုင်မယ်လို့ သုံးသပ်ပါတယ်။
ဆောက်လုပ်ရေးရဲ့ ငွေလည်ပတ်မှုက အရေးပါတဲ့အတွက် ဒီလုပ်ငန်းသာရပ်တန့်သွားခဲ့ရင် နိုင်ငံရဲ့စီးပွားရေးကိုလည်း ထိခိုက်လာမှာ မလွဲဘူးလို့ဦးကျော်ကျော်စိုးက သုံးသပ်ပါတယ်။
''အခွန်ဆိုတာ ဖြစ်သင့်တဲ့ရာခိုင်နှုန်းမှာရှိရမယ်။ ဒီထက်ပိုလာရင် အခွန်ရှောင်တဲ့ကိစ္စ ပေါ်လာမယ်''လို့ သူက ပြောပါတယ်။
အခွန်နှုန်းနည်းနည်းနဲ့ ကောက်ခဲ့စဉ်က ရရှိတဲ့အခွန်နှုန်းထားနဲ့ အခွန်တိုးမြှင့်ကောက်ခံပြီးနောက်ပိုင်းရရှိတဲ့ အခွန်နှုန်းထားတွေကိုလည်း နှိုင်းယှဉ်ပြီး နှစ်ဦးနှစ်ဖက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့် အခြေအနေတွေ ကိုလည်း စဉ်းစားသင့်တယ်လို့ ဒေါ်မို့မို့အောင်က သုံးသပ်ပါတယ်။
Credit: The Myanmar Times