အခွန်လျှော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝယ်ယူနေကြလို့ မန္တလေး အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်မှာ ဒီရက်ပိုင်း အဝယ်သွက်နေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
' သင်္ကြန်မတိုင်ခင်ကတော့ ဝယ်လေ့ဝယ်ထရှိတဲံ အလေ့အထရှိတယ်၊ ဒီနှစ်ပိုင်း(ချန့်စ်အခွင့်အရေး)ကတော့ ပြီးခဲ့တဲ့ ရက်တွေက တက်စ်(အခွန်) ဟောလီးဒေးပေးမယ်ဆိုတဲ့ဟာကိုလဲ မျှော်လင့်ချက်တစ်ခုနဲ့ ဝယ်ကြတာဖြစ်တယ်' လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။
မြို့သစ်ပိုင်း၊ မဟာမြိုင်၊ ရဲမွန်တောင်၊ ဗိုလ်ချုပ်ရွာ၊ ကန်သာယာ၊ ထန်းကိုးပင်၊ ထွန်းတုန်း၊ မြရည်နန္ဒာ၊ သမန်းကုန်း၊ စက်မှုဘက်တွေက ကျပ်သိန်း(၁၀၀၀)ခန့်မှ (၅၀၀၀)တန် မြေကွက်တွေအထိ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေး အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်ဟာ လာမယ့် လပိုင်းတွေအတွင်း အကောင်းဘက်ကို ပြောင်းလဲလာမယ်လို့ ဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်အချို့က ခန့်မှန်းပါတယ်။ ဒီနှစ်မှာ မြို့တွင်းအကွက်ကောင်းတဲ့နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ အရောင်းအဝယ်ပြန်လိုက်စပြု နေတယ်။
မကြာခင်အချိန်းအတွင်းမှာ အေးစက်ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေဈေးကွက် ပုံမှန်အနေအထား အရောင်းအဝယ်ဖြစ်လာလိမ့်မယ်လို့ မြို့ခံဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့က ခန့်မှန်းပြောဆိုပါတယ်။
' ပြီးခဲ့တဲ့နှစ်တွေကလို ဟော့ဟော့ရမ်းရမ်းကြီးတော့ ဖြစ်မှာ မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ အမှန်တကယ် အသုံးချမယ့် ဈေးကွက်ကို ပြောင်းလဲမယ်၊ အဲ့ဒါတွေ သတိထားရမယ် 'လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။
ဒါကြောင့် အခုနှစ် အိမ်ခြံမြေရာသီမှာ အိမ်ခြံမြေ အရောင်းအဝယ်အခြေအနေဟာ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ အနေအထားနဲ့ ဈေးနှုန်းတည်ငြိမ်တဲ့ အရောင်းအဝယ်ဈေးကွက်ကို ပြောင်းလဲမယ်လို့ ဆိုပါတယ်။
မြို့တွင်းအကွက်ကောင်းတဲ့ နေရာတွေနဲ့ မြို့သစ်ရပ်ကွက်တွေမှာ လက်ရှိအရောင်းအဝယ်ပြန်လိုက်စပြုနေတယ်ဆိုပေမဲ့ ယခင်နှစ်ကထက်စာရင် မြေကွက်အချို့ဈေးနှုန်းဟာ (၁၀)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းခန့်အထိ ကျဆင်းတယ်လို့ သိရပါတယ်။
Credit: The Kumudra