အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သည့်အပြင် သမ္မတအကြံပေးပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသူ ဂျရက်ဒ် ကွတ်ရှ်နာသည် မိသားစုပိုင် Kushner Companies အိမ်ခြံမြေကုမ္ပဏီအတွက် စာရွက်စာတမ်းအတုများစွာ ပြုလုပ်တင်သွင်းခဲ့ကြောင်း အေပီသတင်းဌာနက ဖွင့်ချလိုက်သည်။
Kushner Companies သည် ၂၀၁၅ ခုနှစ်အတွင်း နယူးယောက်မြို့၊ ကွင်းစ်အရပ်တွင် လူနေအိမ်ရာ အဆောက်အအုံ ၃ ခု ဝယ်ယူခဲ့သည်။
အဆိုပါအိမ်ရာများမှာ နေထိုင်သူများကို အထူးစည်းမျဉ်းဥပဒေများဖြင့် အကာအကွယ်ပေးထားပြီး developer တို့အနေဖြင့် အိမ်ငှားခ တိုးမြှင့်ကောက်ခံခြင်း၊ အိမ်ငှားများကို နှင်ထုတ်ခြင်းများ မပြုလုပ်နိုင်ရန် အကာအကွယ်ပေးထားသည်။
သို့စေကာမူ ကွတ်ရှ်နာ၏ ကုမ္ပဏီသည် ဝယ်ယူပြီး ၂ နှစ်အကြာတွင် အဆောက်အအုံ ၃ ခုလုံးကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။
မူလဝယ်ယူခဲ့စဉ်က ဈေးနှုန်းထက် ၅၀ ရာခိုင်နှုန်းနီးပါး မြင့်မားသောဈေးဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
Kushner Companies က နယူးယောက်မြို့တစ်လွှား ၎င်းတို့ပိုင်ဆိုင်ထားသော ဒါဇင်ဂဏန်းပမာဏရှိ အဆောက်အအုံများတွင် ငှားရမ်းနေထိုင်သူမရှိကြောင်း စာရွက်စာတမ်းအမှားများ မကြာခဏတင်သွင်းခဲ့သည်ဟု ဆိုသည်။
အမှန်စင်စစ်တွင် နယူးယောက်၌ Kushner Companies ပိုင်ဆိုင်ထားသည့် အဆောက်အအုံပေါင်း ရာနှင့်ချီ၍ရှိသည်ဟု ဆိုသည်။
Kushner Companies က တုံ့ပြန်ကြေညာချက်ထုတ်ရာတွင် ကွတ်ရှ်နာကုမ္ပဏီအနေဖြင့် ငှားရမ်းနေထိုင်သူတို့၏ အခွင့်အရေးများကို မည်သည့်အခါတွင်မျှ ငြင်းပယ်ခဲ့လိမ့်မည်မဟုတ်ကြောင်း၊ ကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကာလအတွင်း လူနေခန်း ထောင်ပေါင်းများစွာကို ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
Housing Rights Initiative ၏ ထုတ်ပြန်ချက်အရမူ Kushner Companies သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား နယူးယောက်မြို့တစ်လွှားရှိ အဆောက်အအုံပေါင်း ၃၄ ခု၏ ဆောက်လုပ်ရေးပါမစ်အတွက် စာရွက်စာတမ်းအမှားများ အနည်းဆုံး ၈၀ ခုခန့် တင်ပြခဲ့သည်ဟု ဆိုသည်။
အဆိုပါစာရွက်စာတမ်းအားလုံးတွင် ဖော်ပြထားသည်မှာ ကုမ္ပဏီပိုင် အဆောက်အအုံများတွင် အိမ်ငှားနေထိုင်သူများမရှိဟု ဖော်ပြခဲ့သည်ဟုလည်း ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)