ကျပ်သန်းပေါင်း သုံးသိန်းခွဲတန်ဖိုးရှိ အစိုးရငွေတိုက်စာချုပ်များကို မတ်လ ၂၀ ရက် (ယနေ့) တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
အဆိုပါရောင်းချမှုသည် ယခုဘဏ္ဍာနှစ်အတွက် နောက်ဆုံး ရောင်းချခြင်းဖြစ်ပြီး ယခင်လထက် ကျပ်သန်းပေါင်းတစ်သိန်းခွဲကို ပိုမိုတိုးမြှင့်ရောင်းချထားကြောင်း၊ အတိုးနှုန်းမှာမူ ပြောင်းလဲခြင်းမရှိဘဲ တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ အစိုးရငွေတိုက်စာချုပ်တွေကို တစ်လတစ်ခါ ရောင်းပါတယ်။ လေလံ အောင်တဲ့နေ့တွေရှိသလို လေလံမအောင်တာတွေလည်း ရှိပါတယ်။ နောက်ပိုင်းမှာ ဗဟိုဘဏ်တစ်ခုတည်းတင်မဟုတ်ဘဲ ဒုတိယ ငွေကြေးဈေးကွက်ကနေ အစိုးရ ငွေတိုက်စာချုပ်တွေ၊ လက်မှတ်တွေကို ရောင်းချနိုင်ဖို့ ညှိနှိုင်းနေပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိရောင်းချမည့် ငွေတိုက်စာချုပ်သက်တမ်းမှာ သုံးနှစ်ကျော်နှင့် လေးနှစ်ကျော်တို့ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
“ အစိုးရမှာလည်း လိုငွေများနေတော့ ငွေဖြည့်ဖို့အတွက် ဒါတွေက မဖြစ်မနေ ထုတ်ရောင်းနေရတယ်”ဟု ကမ္ဘောဇဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနှင့် စတော့အိတ်ချိန်း အရောင်းအဝယ်တွင် ကြားထဲကတစ်ဆင့် ဝန်ဆောင်မှုပေးနေသည့် Securities ကုမ္ပဏီများကို အစိုးရငွေတိုက် လက်မှတ်/ စာချုပ်များကို ဒုတိယဈေးကွက်အဖြစ် ရောင်းချခွင့် ပေးထားသော်လည်း လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်း မရှိသေးပေ။
Credit: The Voice