ဟောင်ကောင်၏ အချမ်းသာဆုံး အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး လီကာရှင်းက ၎င်းသည်စီးပွားရေးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ကြေညာလိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လီကာရှင်းသည် ကုမ္ပဏီ ဥက္ကဌနေရာများမှ အနားယူတော့မည်ဖြစ်ကြောင်း CK Asset Holdings နှင့် CK Hutchison Holdings ကုမ္ပဏီ ၂ ခုလုံးက ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
လီကာရှင်း အနားယူတော့မည်ဟူသည့်ခန့်မှန်းချက်များ ထွက်ပေါ်နေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ယခုမူ အမှန်တကယ်အနားယူသွားပြီ ဖြစ်လေသည်။
အသက် ၈၉ နှစ်ရှိပြီဖြစ်သော လီကာရှင်းအနားယူပြီးသွားခြင်းမှာ ချုံကောင်းကုမ္ပဏီ၏ အနာဂတ်အပေါ် မေးခွန်းများစွာ ထွက်ပေါ်လာစေတော့မည်လည်း ဖြစ်သည်။
ဟောင်ကောင်စတော့အိတ်ချိန်းသို့ လီကာရှင်းပေးပို့ခဲ့သည့် အကြောင်းကြားစာတွင် “ကုမ္ပဏီ၏ ဥက္ကဌအဖြစ်မှ အနားယူရန် ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။
ထို့အပြင် ကုမ္ပဏီ၏ လာမည့်အထွေထွေနှစ်စဉ်အစည်းအဝေးအတွက် အမှုဆောင်ဒါရိုက်တာ ရာထူးမှလည်း အနားယူရန် ဆုံးဖြတ်လိုက်ပါသည်” ဟု ဖော်ပြထားသည်။
လီကာရှင်း၏ အနားယူမှုသည့် လာမည့် မေလ ၁၀ ရက်တွင် ကျင်းပမည့် နှစ်စဉ်အထွေထွေအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကျိုးသက်ရောက်မှုများ ကြီးမားစွာ ပေါ်ပေါက်လာစေတော့မည် ဖြစ်သည်။
သူ၏ အကြီးဆုံးသားဖြစ်သူ အသက် ၅၃ နှစ်အရွယ်ရှိ ဗစ်တာလီကို အရိုက်အရာဆက်ဆံသူအဖြစ် မူအရ အကြံပြုထားခဲ့သည်။
“ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ တောင်းဆိုချက်အရ ကုမ္ပဏီရဲ့ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်အဖြစ်တော့ ဆက်လက်တာဝန်ယူပေးဖို့ ကျွန်တော်သဘောတူခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော့်ဘေးမှာ နေရင်း CK Group အတွကြ် ၃၃ နှစ်တာ အလုပ်လုပ်ခဲ့တဲ့ ဗစ်တာကို ဥက္ကဌအဖြစ် ခန့်အပ်ဖို့ ဘုတ်အဖွဲ့က အဆိုပြု ရွေးကောက်ခဲ့ပါတယ်” ဟု လီကာရှင်း၏ အကြောင်းကြားစာတွင် ဆက်လက်ဖော်ပြထားသည်။
ချုံကောင်းကုမ္ပဏီသည် ဟောင်ကောင်တွင် အချမ်းသာဆုံးအဖြစ် တည်ထောင်နိုင်ခဲ့ပြီးနောက် လီကာရှင်းအနားယူမည့် ခန့်မှန်းချက်များ ထွက်ပေါ်လာနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ဝေါစထရိဂျာနယ်က ယခင် ၂၀၁၇ ခုနှစ် ဇွန်လကတည်းက ဖော်ပြခဲ့သည့် သတင်းတစ်ရပ်အရ လီကာရှင်းက လာမည့်ဇူလိုင်တွင် အသက် ၉၀ မပြည့်မီ စီးပွားရေးလောကမှ အနားယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်ဟု ဆိုသည်။
တရုတ်ပြည်၊ ကွမ်တုံပြည်သား လီကာရှင်းသည် စက်ရုံတံမြက်စည်းလှည်းသူ၊ ပလတ်စတစ်ပန်းများ ရောင်းချသူအဖြစ်မှ ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေးကြီးဖြစ်လာသူလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)