လှိုင်သာယာမြို့နယ်အတွင်း ယခုနှစ်ဖေဖော်ဝါရီက မီးဘေးသင့်ခဲ့သည့် ကျူးကျော်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက နေအိမ်များဆောက်လုပ်ပေးပြီး ယခုလကုန်တွင် ယာယီနေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ရန်ကုန်-ပုသိမ်လမ်းမဘေး၊ လှိုင်သာယာမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်က ကျူးကျော်နေအိမ်တစ်ခုမှ ပေါ့ဆမီးကြောင့် မီးလောင်ခဲ့ရာတွင် နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ကျူးကျော် နေထိုင်သူများကို ကျန်စစ်သားလမ်းမကြီးဘေးရှိ တိုင်းအစိုးရပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့်နေအိမ်များ၌ နေရာချပေးမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။
“အခု အိမ်ဆောက်တာ ပြီးစီးနေပြီ။ ဒီလကုန်လောက်ဆို နေခွင့်ပြုတော့မှာပါ။ အခု မီးဘေးသင့်ပြည်သူတွေထဲက ကျူးကျော်တွေအတွက် ထုတ်ပေးထားတဲ့ Smart Card ရှိတဲ့သူတွေကို စိစစ်ပြီး နေရာချပေးမယ်။ အခုနေရာက ယာယီထားမှာပါ။ အပိုင်ပေးတာ မဟုတ်ပါဘူး။ နေအိမ်တွေကို ရောင်းလို့မရဘူး။ ငှားလို့ မရဘူး။ တခြားသူကိုလွှဲပေးတာ၊ ပေါင်နှံ တာလုပ်လို့မရပါဘူး”ဟု ၎င်းက ဆိုသည်။
နေအိမ်ဆောက်လုပ်ရာတွင် ပေ ၄၀၊ ပေ ၂၀ ခန့်ရှိ အဆောက်အအုံတစ်ခုတွင် အခန်းလေးခန်းပါရှိပြီး တစ်ခန်းလျှင် မိသားစုတစ်စုစီ ထားရှိမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် အခန်းလေးခန်းပါဝင်သည့် အဆောက်အအုံ ၁၈ လုံး တည်ဆောက်ထားကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူများအနေဖြင့် နေထိုင်ရန်အခက်အခဲ ရှိနေသောကြောင့် အများပြည်သူများ၏ လှူဒါန်းငွေဖြင့် နီးစပ်ရာ ရပ်ကွက်များတွင် အိမ်ငှားရမ်း၍ ယာယီနေထိုင်လျက်ရှိပြီး ယခုလကုန်တွင် စတင် နေထိုင်နိုင်မည်ဖြစ်သည်။
Credit: The Voice