မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်နှင့် အခြေခံ အဆောက်အဦ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သည်။
မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းများ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက် လာရောက် ရင်းနှီးမြှုပ်နှံရန်၊ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် လုပ်သားများအတွက် နည်းပညာ၊ အတတ်ပညာ၊ အသိပညာများ ကျွမ်းကျင်မှု ရှိစေရန်အတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် သင်တန်းများ ပို့ချပေးနိုင်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရ သည်။
ထို့ပြင် Japan-Myanmar Economic Committee နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဂျပန်နိုင်ငံမှ လာရောက်သည့် လုပ်ငန်းရှင်များတွင် လေကြောင်းလိုင်းများ၊ လျှပ်စစ်နှင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ အကြီးစား စက်မှုအင်ဂျင်နီယာ၊ ဆောက်လုပ်ရေး၊ ပလတ်စတစ်၊ ဘဏ္ဍာရေးဆိုင်ရာနှင့် အာမခံလုပ်ငန်း၊ ဆေးနှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းများမှ လုပ်ငန်းရှင်များ ပါဝင်ကာ အဆိုပါကဏ္ဍများတွင် ပြည်တွင်း လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။
Credit: The Voice