ကမ္ဘာတစ်လွှားမှ အသေးစား၊ အလတ်စားရောင်းသူဝယ်သူများအကြား (အတိအကျဆိုရသော် စားသုံးသူမှစားသုံးသူ၊ စီးပွားရေးလုပ်ငန်းမှ စားသုံးသူနှင့်
စီးပွားရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်း(B2B) ) ချိတ်ဆက်ပေးနေသော အီးဈေးကုမ္ပဏီကြီး အလီဘာဘာက ထိုင်းနိုင်ငံတွင်
စမတ်ဒီဂျစ်တယ်ဗဟိုချက်တစ်ခုကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် စမတ်ဒီဂျစ်တယ်ဗဟိုချက်တစ်ခု တည်ထောင်ရန် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို
အလီဘာဘာလုပ်ငန်းစုနှင့် ထိုင်းအစိုးရတို့အကြားသဘောတူညီမှုရရှိရန် နီးစပ်လာပြီဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးတရုတ်အီးကောမာ့စ်လုပ်ငန်းကြီးဖြစ်သည့် အလီဘာဘာက ရှေ့လတွင် စတင်နိုင်ရန် ယင်းစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏
နောက်ဆုံးအဆင့်များကို ဖြတ်သန်းနေပြီဖြစ်ကြောင်း အလီဘာဘာ၏ ဦးဆောင်မှုအုပ်စုအကြီးအကဲ အိန်ဂျယ်လ်ကျောင်းက ထိုင်းဒုတိယ၀န်ကြီးချုပ်
ဆွမ်ကစ်ဂျာတူသီရိပီတက်၊ စက်မှုဝန်ကြီး ဥတ္တမာသာဗာနာယာနာတို့နှင့် ဘန်ကောက်တွင် မတ် ၁၄က တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည်။
ကျောင်းက ထိုင်းစက်မှုဝန်ကြီးနှင့် လာမည့်သီတင်းပတ်နှစ်ပတ်အတွင်း တွေ့ဆုံ၍ သဘောတူညီမှု၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန်
စီစဉ်ထားသည်။
စမတ်ဒီဂျစ်တယ်ဗဟိုချက်အတွက် အလီဘာဘာ၏ အစီအစဉ်များသည် လွန်ခဲ့သောနှစ်အတန်ကြာက ထိုင်းသို့လာရောက်လည်ပတ်ပြီးနောက်
ဂျက်မားချမှတ်ခဲ့သည့် အဆင့်များစွာပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုကတိတစ်ရပ်ကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်သည်။ အလီဘာဘာတည်ထောင်သူနှင့် ဥက္ကဋ္ဌ
ဂျက်မားက ဗဟိုချက်တည်နေရာနှင့်ပတ်သက်၍ ပိုမိုပြည့်စုံသော အချက်အလက်များအပါအ၀င် ဒီဂျစ်တယ်ဗဟိုချက်၏ တရားဝင်ကြေညာရန်အတွက် ဧပြီတွင် ထိုင်းသို့ ပြန်လာမည်ဖြစ်သည်။
ယင်းစီမံကိန်းတွင် ဖြန့်ချိရေးစင်တာ၊ ထောက်ပံ့ပို့ဆောင်ရေးအဆောက်အအုံ၊ ထုတ်လုပ်မှုစက်ရုံ၊ လေ့ကျင့်ရေးစင်တာနှင့် စီမံပြုပြင်ရေးစင်တာတို့ ပါဝင်မည်
ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှု၏ အဆင့်မြင့်အဆင့်များအဖြစ် အလီဘာဘာသည် ထိုင်းလူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရန်ရည်ရွယ်သော ပညာရေးစီမံကိန်းများ
တွင် မတည်ပံ့ပိုးပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ထိုင်းဒုဝန်ကြီးချုပ်ကလည်း အလီဘာဘာအား ခရီးသွားဧည့်သည့်များစိတ်ဝင်စားမှု နည်းပါးသည့် ထိုင်းနေရာဒေသများကို အဆင့်တိုးမြှင့်ခြင်းနှင့်ပတ်သက်၍
ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။
အလီဘာဘာနှင့် ထိုင်းအစိုးရသသည် ထိုင်းလယ်သမားများအား အီးကောမာ့စ်သို့ ကူးပြောင်းရာတွင် လက်တွဲကူညီပေးမည်ဖြစ်ကာ အီးကောမာ့စ်လုပ်ငန်းများ
စတင်ရေးအတွက် ဖွံ့ဖြိုးရေးသင်တန်းကျောင်းတစ်ခုလည်း ပူးပေါင်းတည်ထောင်မည် ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com