ရခိုင်ပြည်နယ် စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကမ်းတွင် ဖော်ဆောင်နေသော မြို့သစ်စီမံကိန်းအတွက် မြေဖို့ရန် ၂၀ ရာခိုင်နှုန်း ကျန်ရှိနေသဖြင့် ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။
စစ်တွေမြို့သစ်စီမံကိန်းအတွက် ရာနှုန်းပြည့် မြေယာဖော်ဆောင်ပြီးမှသာ မြေကွက် ပြန်ရောင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အစိုးရအဖွဲ့က ရာနှုန်းပြည့် လုပ်ပြီးမှ အကွက်ဖော်ရောင်းခိုင်းတာပါ။ လောလောဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ပြီးစီးသေးတော့ ကျန်တဲ့အပိုင်းကို အမြန်ဆုံး ဆောင်ရွက်နေတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါစီမံကိန်း ၅၀ ရာခိုင်နှုန်းခန့်သာ မြေဖို့ ပြီးစီးချိန်တွင် ကိုရီးယား BXT ကုမ္ပဏီက ကျပ်သန်း၂၀ ကျော်တန်ဖိုးရှိ မြေကွက် ၂၄၀ ကျော်ကို ဇန်နဝါရီက ကြိုတင်ရောင်းချလိုက်ခြင်းကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က စီမံကိန်းဖော်ထုတ်မှု မပြီးစီးဘဲ ရောင်းချမှုသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဟုဆိုကာ လုံးဝ ရပ်ဆိုင်းထားရန် ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိစီမံကိန်းကို ရခိုင်ပြည်နယ် အစိုးရက ၃၀ ရာခိုင်နှုန်း ထည့်သွင်း၍ ရင်းနှီးမြှုပ်နှံထားပြီး ကိုရီးယားနိုင်ငံ BXT ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် မတ်လက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက်ဖြင့် စစ်တွေမြစ်ကမ်းရှိ မြေဧက ၉၀ ခန့်ကို မြေဖို့မြေယာစနစ်ဖြင့် ဖော်ဆောင်ခဲ့ရာတွင် ပထမအဆင့် ဖော်ထုတ်ထားသည့် မြေကွက်များကို ရောင်းချသည့်အတွက် တားမြစ်ခံရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
အဆိုပါစီမံကိန်းတွင် စုပေါင်းအိမ်ရာ၊ လက်လီလက်ကား ဈေးကွက်၊ အလယ်အလတ်အဆင့် ကွန်ဒိုမီနီယံနှင့် ကုန်သွယ်ရေး စီးပွားရေးဇုန် အပါအဝင် ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လုပ်ကိုင်နိုင်သော ငါးစက်ရုံကို ထည့်သွင်းတည်ဆောက်ရန် လျာထားပြီး BXT International ကုမ္ပဏီက ကျပ်ဘီလီယံ ၆၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ကုမ္ပဏီ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ထံမှ စုံစမ်းသိရသည်။
Credit: The Voice