လော့စ်အိန်ဂျလိမြို့ အုပ်ချုပ်ရေးအဖွဲ့သည် မြို့တော်တွင်းရှိ အိမ်ရာမဲ့ပေါင်းများစွာကို သမိုင်းဝင်နေရာတစ်ခုဖြစ်သော အယ်လ် ပွေဘလိုတွင် နေရာချထားပေးနိုင်ရန် စီစဉ်လျက်ရှိနေသည်။
အဆိုပါ သမိုင်းဝင်နေရာကို ၁၇၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းဝင်နေရာ၏ တောင်ဘက်ထောင့်တွင် မြို့တော်မှ ပိုင်ဆိုင်သည့် ကားရပ်နားရန် နေရာတွင် ကားနောက်တွဲ ၅ ခု ချထားကာ အိမ်ရာမဲ့များကို နေရာပေးရန် အဆိုအား ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ကားနောက်တွဲ ၃ ခုကို အိမ်ရာမဲ့များ နေထိုင်ရန်နေရာအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ကားနောက်တွဲတစ်ခုလျှင် ကုတင် ၂၀ စီ ပါဝင်မည်ဖြစ်သည်။
ကျန် ကားနောက်တွဲတစ်ခုကို ရေချိုးရန်နေရာအဖြစ် အသုံးပြုစေမည်ဖြစ်ပြီး ကျန်တစ်ခုတွင်မူ အိမ်ယာမဲ့များအတွက် စီမံခန့်ခွဲပေးမည့်သူတို့ ရုံးခန်းဖွင့်ကာ အမြဲတမ်းနေထိုင်နိုင်မည့်နေရာများ ကူညီရှာဖွေလမ်းညွှန်ပေးသွားမည် ဖြစ်သည်။
ယခုနွေရာသီတွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားပြီး ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းခန့် ကုန်ကျမည်ဟု ဆိုသည်။
အင်ဂျင်နီယာဗျူရိုက ခန့်မှန်းရာတွင် ကားရပ်နားရန်နေရာတွင် ပြုလုပ်ခြင်းဖြစ်သောကြောင့် ရုံးရက်များတွင် တစ်ရက်လျှင် ကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ အကြား နစ်နာမည်ဖြစ်ပြီး ရုံးပိတ်ရက်များအတွက်မူ တစ်ရက်လျှင် ကန်ဒေါ်လာ ၆၅၀ မှ ၇၅၀ အကြား နစ်နာဆုံးရှုံးမည်ဟု ဆိုသည်။
ယခုစီမံကိန်းကို တင်သွင်းသူ ဟိုဆေး ဟူဇာက ပြောကြားရာတွင်မူ ယခုကဲ့သို့ စီမံကိန်းမျိုးမှာ လိုအပ်ချက်အလွန်များခြင်းကြောင့် လစ်လျူရှုလိုက်ရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။
“လော့စ်အိန်ဂျလိမှာ အရေးပေါ်-ယာယီလူနေနိုင်မယ့်နေရာတွေ ချက်ချင်းလိုနေတယ်ဆိုတာ လော့စ်အိန်ဂျလိက လူတိုင်းသိကြပါတယ်” ဟု ဟိုဆေး ဟူဇာက ပြောကြားသည်။
ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်လျက်ရှိနေပြီး အိမ်ရာမဲ့များအတွက် ရေရှည်စီမံကိန်းများ အကောင်အထည်ဖော်ပေးရန် ဘဏ္ဍာငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံချထားပေးခဲ့သည့် Measure HHH မှ ယခုစီမံကိန်းအတွက် ရန်ပုံငွေ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
လော့စ်အိန်ဂျလိတွင် မကြာသေးမီနှစ်များအတွင်း အိမ်ယာမဲ့ကဏ္ဍတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကြောင့် ရေရှည်စီမံကိန်းများကို အာရုံစိုက်နေသည့်တချိန်တည်းတွင် ယာယီနေထိုင်ရန်နေရာများ အများအပြားဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်းလည်း ဟိုဆေးဟူဇာက ပြောကြားသည်။
အိမ်ရာမဲ့နှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ကော်မတီ၏ အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးဖြစ်သူ မိုက်ခ် ဘိုနင်က အကြံပြုခဲ့ရာတွင် ယခုစီမံကိန်းကဲ့သို့ ယာယီနေထိုင်ရေးဖြေရှင်းပေးမှုမျိုးကို မြို့တော်တစ်လွှားတွင် အများအပြားဆက်လက်ပြုလုပ်သင့်ကြောင်း အကြံပေးထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)