အရှေ့တောင်အာရှ၏ အင်အားအတောင့်တင်းဆုံးဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ၏ တစ်ခုတည်းသော Unicorn ကုမ္ပဏီဖြစ်သည့် Revolution Precrafted နှင့် မြန်မာနိုင်ငံရှိ KT Group ကုမ္ပဏီတို့ပူးပေါင်းကာ အသင့်သုံး Prefabricated ပစ္စည်းများဖြင့် လူနေအိမ်နှင့် အဆောက်အအုံများ ဆောက်လုပ်မှုကို လာမည့် (၃)လမှ (၆)လအတွင်း တည်ဆောက်ပေးနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
“ မြန်မာလူမျိုးများဟာ ဖိလစ်ပိုင် လူမျိုးများလို အိမ်ရာများနဲ့ ပတ်သက်ပြီး နည်းလမ်းသစ်များကို ချဉ်းကပ်လေ့ရှိပါတယ်။ သူတို့တစ်တွေဟာ ကိုယ်ပိုင်နေရာများကို ရှာဖွေတဲ့အခါမှာ ယဉ်ကျေးမှုနဲ့လည်းကိုက်ညီ၊ ဖက်ရှင်လည်းကျပြီးတော့ အသုံးလည်းတွင်ရမယ့်အပြင် ကိုယ့်ရဲ့ တစ်နိုင်တစ်ပိုင်ရှိအောင်လည်း ရွေးချယ်ကြပါတယ်။ ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ ခန့်ညားပြီး အဆင့်ရှိတဲ့ Prefab အိမ်များကို ထုတ်လုပ်တဲ့ Revolution Precrafted ကို လုပ်ငန်းဖော်အဖြစ်ရွေးချယ်ရတာ အလွန်ပဲ စိတ်လှုပ်ရှားခဲ့ရပါတယ်။ကမ္ဘာပေါ်က ပညာရှင်တွေ များစွာပါဝင်တဲ့ ကုမ္ပဏီ နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလောကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့်ရတာ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီလို Prefabricated ပစ္စည်းတွေနဲ့ နေအိမ်အဆောက်အဦးတွေ တည်ဆောက်မှုကိုလည်း သုံးလကနေ ခြောက်လအတွင် စတင် တည်ဆောက်ပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။” ဟု KT Group ၏ Execcutive Director ဖြစ်သူ Deborah Kyaw Thaung က မတ်လ (၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့သည့်မြန်မာ့စီးပွားရေးပြန်လည်ရှင်သန်လာနိုင်ရေး အတွက် Revolution Precraftedနှင့် မြန်မာနိုင်ငံမှ KT Group တို့ လုပ်ငန်းတွဲဖက်ဆောင်ရွက်နိုင်ရန် ကိုယ်စား လှယ်လုပ်ကိုင်ခွင့်သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။
အဆိုပါ Prefabricated ပစ္စည်းတွေများဖြင့် နေအိမ်များတည်ဆောက်ခြင်းသည် သာမာန်ရှေးရိုးစွဲအိမ်များ တည် ဆောက်ခြင်းထက် ကုန်ကျစရိတ်ပိုမိုသက်သာခြင်း၊အချိန်ကုန်သက်သာခြင်း၊ခေတ်မီနည်းပညာဖြစ်သောကြောင့် စိတ်ကြိုက်ဒီဇိုင်းတည်ဆောက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အဓိက ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ KT Group နဲ့ Prefabricated ပစ္စည်း တွေနဲ့ နေအိမ်တွေဆောက်လုပ်ဖို့ ကိုယ်စားလှယ်သဘောတူညီချက်ကို ကြေညာဖို့အတွက် အလွန်စိတ် လှုပ်ရှားခဲ့ရပါတယ်။ ဒီမဟာဗျူဟာမြောက် ကိုယ်စားလှယ် သဘောတူညီချက်ဟာ မြန်မာအိမ်ခြံမြေလုပ်ငန်း တိုးတက်ဖွံ့ဖြိုးမှု ကဏ္ဍသစ်ဆီကို ချဉ်းနင်းဝင်လောက်လာတာနဲ့ အညီ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းလာလိမ့် မယ်လို့လည်း ယုံကြည်ပါတယ်။သာမန်အားဖြင့်ဆိုရင် ကွန်ဒိုတွေ ၊ ဟိုတယ်ဗီလာတွေ ဆောက်မယ်ဆိုရင် အချိန်အားဖြင့် ၂ နှစ်ကနေ ၃နှစ် အတွင်း ကြာတတ်ပါတယ်။ အခု Prefabricated ပစ္စည်းတွေနဲ့ တည်ဆောက်မယ်ဆိုရင်တော့ ဆောက်လုပ်မှုကြာချိန်ကို ထက်ဝက်လောက်ကို လျှော့ချပေးနိုင်တဲ့ အပြင် ကုန်ကျစရိတ်လည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ” ဟု Revolution Precrafted ၏ တည်ထောင်သူနှင့် CEOဖြစ်သူ Robbie Antonio ကပြောသည်။
Revolution Precrafted ကုမ္ပဏီသည် လုပ်ငန်းထူထောင်စဉ်ကာလမှ (၂)နှစ် အတွင်း ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးဆင့်ခံရသည့် ဖိလစ်ပိုင်နိုင်ငံ၏တစ်ခုတည်းသော Unicorn အဆင့်ကို ရရှိထားသော ကုမ္ပဏီဖြစ်သည့်အပြင် ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ဖက်ကင်းသော ဗိသုကာပညာရှင်များ၊ ဒီဇိုင်းပညာရှင်များနှင့် အနုပညာရှင် (၇၂)ဦးတို့ ပူးပေါင်းခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ခေတ်မီဒီဇိုင်း အိမ်ရာများ၏ ဦးဆောင် ကုမ္ပဏီအဖြစ် အခိုင်အမာရယူထားသော ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)