(အချက်အလက်များ)
အိပ်ခန်း- ၃ ခန်း
ရေချိုးခန်း- ၁ ခန်း
အကျယ်အဝန်း-၁၈၀၀ စတုရန်းပေ
ခြံဝန်းအကျယ်- ၁ ဒသမ ၃၁ ဧက
ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၆၃၈ ခုနှစ်
ခေါ်ဈေး-ကန်ဒေါ်လာ ၂ ဒသမ ၉ သန်း
တစ်စတုရန်းပေ ကျသင့်ငွေ- ကန်ဒေါ်လာ ၁၆၁၁
တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့၊ ဆွီဒက်စ်ဘိုရိုလမ်း၊ အမှတ် ၄၀၆
အမေရိကန်ပြည်တွင် ရှေးအကျဆုံးအဖြစ် သတ်မှတ်ထားခြင်းခံရပြီး ၁၆၃၈ ခုနှစ်က ဆောက်လုပ်ခဲ့သည့် သစ်လုံးအိမ်ကြီးကို ရှေးဟောင်းပစ္စည်းများ အပါအဝင် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာသည်။
ပလိုင်းမောက်တောင်ကုန်းဒေသသို့ ပထမဆုံးရောက်ရှိသူများ ခြေချခဲ့ပြီး ၁၈ နှစ်ခန့်အကြာတွင် ယခုနေအိမ်ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
တည်နေရာမှာ နယူးဂျာစီပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့ တွင် ဖြစ်ပြီး Nothnagle သစ်လုံးအိမ်ဟု ခေါ်ကြသည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြစ်ပြီး သစ်လုံးအိမ်၏ အကျယ်အဝန်းမှာ ၃၅၂ စတုရန်းပေ ဖြစ်သည်။
နေအိမ်နှင့်အတူ လက်မှုပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများလည်း ပါဝင်ကြောင်း ဈေးကွက်တင်သည့်အိမ်ခြံမြေ အကျိုးဆောင် ခရစ္စတီးနား ဟွမ်က ပြောကြားသည်။
အမေရိကန်ပြည်ထဲရေးဌာနက ယခုနေအိမ်ကို သမိုင်းဝင်နေရာများစာရင်းတွင် မှတ်တမ်းတင်ထားပြီး အမေရိကတွင် သက်တမ်းအရင့်ဆုံး သစ်လုံးအိမ်အဖြစ် သတ်မှတ်ထားသည်။
နေအိမ်ပိုင်ရှင်များဖြစ်သော ဒိုရစ် ရင့်ခ်နှင့် ဟယ်ရီ ရင့်ခ်တို့သည် ၁၉၇၀ ပြည့်လွန် အစောပိုင်းကာလများကတည်းက စတင်နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ထောင်ပေါင်းများစွာကို အခမဲ့ကြိုဆိုဧည့်ခံခဲ့သည်။
လူမှုကွန်ရက်များနှင့် သတင်းမီဒီယာတို့၏ ရေးသားချက်များကြောင့် နေအိမ်၏ဂုဏ်သတင်းမှာ ပျံ့ နှံ့လျက်ရှိနေသည်။
ဒေါရစ်တို့ထံသွားရောက်လည်ပတ်လိုပါက ကြိုတင်ဖုန်းဆက်သွယ်ကာ ချိန်းဆိုရန်သာ လိုအပ်လေသည်။
၎င်းတို့သည် ယခုနေအိမ်ကို မူရင်းအခြေအနေများအတိုင်း ထိန်းသိမ်းထားနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရသည်။
နေအိမ်မွမ်းမံမှုများ ပြုလုပ်ချိန်တွင်မူ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ရှုးဖိနပ်၊ မြေစေးဂေါ်လီလုံးများ၊ ရှေးဟောင်းအိုးခွက်များကို
နေရာရွှေ့ ပြောင်းထားသိုကြရ၏။
ဟယ်ရီရင့်ခ်သည် ယခုအခါ အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး နေအိမ်ကိုဆက်လက်ထိန်းသိမ်းမည်သူများလက်အတွင်း ပြောင်းလဲအပ်နှံလိုလျက်ရှိသည်။
“သူတို့က အိမ်ကိုရောင်းချင်နေကြတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်ထိလည်း နေထိုင်သွားလိုကြတယ်” ဟု အကျိုးဆောင် ဟွမ်က ဆိုသည်။
၁၈ ရာစုနှစ်အဆိုပါနေအိမ်ကြီးကို ရင့်ခ်တို့မိသားစုမှ ပိုင်ဆိုင်ခဲ့သည်မှာ ၁၉၀၇ ခုနှစ်မှ စတင်ခဲ့သည်။
သမိုင်းအချက်အလက်များအရ ယခုသစ်လုံးအိမ်ကို ၁၆၃၈ ခုနှစ်မှ ၁၆၄၃ ခုနှစ်အကြားတွင် ဖင်လန်နိုင်ငံသား ပြောင်းရွှေ့ အခြေချ နေထိုင်သူတို့က ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
၁၇၃၀ ပြည့်လွန်ကာလများတွင် ချဲ့ ထွင်ဆောက်လုပ်မှုများပြုလုပ်ခဲ့ပြီး နောက်ဆုံးချဲ့ ထွင်ဆောက်လုပ်ခဲ့သည်မှာ ၁၉၀၀ ပြည့်နှစ်တွင် ဖြစ်သည်။
မူရင်းနေအိမ်မှာ အခန်းတစ်ခန်းသာ ပါဝင်ခဲ့ပြီး ယနေ့ခေတ်စံနှုန်းများအရ သေးငယ်သောအိမ်ဟု ဆိုမည်ဖြစ်သော်လည်း ထိုခေတ်ထိုအခါကမူ အလွန်ချမ်းသာကြွယ်ဝသူတို့၏ နေအိမ်မျိုး ဖြစ်သည်။
အရောင်းအဝယ်တွင် လက်မှုပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများနှင့် ပရိဘောဂများ ပါဝင်သည်။
မြောက်အမေရိကတွင်သာ ပေါက်ရောက်သည့် redwood သစ်ပင်များ၊ ရှုခင်းကြည့်အဆောက်အအုံ၊ ကား ၄ စင်းဆန့် ဂိုဒေါင်တို့ ပါဝင်ပြီး ခြံဝန်းအကျယ်မှာ ၁ ဒသမ ၃ ဧကဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)