ပြည်တွင်း၌ ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုမှု ထွန်းကားလာရေးမှာ အစိုးရ၏ အားပေးထောက်ပံ့မှု အထူးလိုအပ်နေကြောင်း၊ ထိုအထောက်အပံ့မရသဖြင့် စိန်ခေါ်ချက်များရှိနေကြောင်း Myanmar Payment Union - MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ပြည်တွင်း၌ ငွေသားအစားထိုး ငွေပေးချေမှုကွန်ရက် အမ်ပီယူကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းထားသည့် အဖွဲ့အစည်းအဖြစ် ၂ဝ၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ထို့နောက် သုံးနှစ်အကြာ ၂ဝ၁၅ ခုနှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့သည်။ မြန်မာ့ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ထွန်းကားမှုသည် အမ်ပီယူနှင့်အတူ စတင်ခဲ့သည်မှာ ငါးနှစ်သက်တမ်းရှိပြီဖြစ်သည်။
၂ဝ၁၆−၁၇ ဘဏ္ဍာနှစ်က အမ်ပီယူကတ် အသုံးပြုသည့် အရေအတွက်သည် ၃ ဒသမ ၇ သန်းခန့်ရှိခဲ့ရာမှ ၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် လေးသန်းခွဲအထိ တိုးတက်လာခဲ့သည်။ ၎င်းအခြေအနေအရ ငွေပေးချေမှုစနစ်အတွက် ပလတ်စတစ်ကတ်များကို အသုံးပြုမှုသည်တိုးတက်လာသည့် အနေအထားတွင် ရှိသော်လည်း တိုင်းပြည်လူဦးရေ အချိုးနှင့်ယှဉ်ပါက အလွန်နည်းနေဆဲဖြစ်သည်။
''ဒီထက်ပိုပြီး အလျင်အမြန် တိုးတက်လာဖို့ကတော့ အစိုးရရဲ့ ပံ့ပိုးမှုတွေ အများကြီး လိုအပ်ချက်နေသေးတယ်''ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
၎င်းက လာမည့်ဘဏ္ဍာနှစ်တွင် လူငါးသန်းခန့် ကတ်သုံးလာမည်ဟု ခန့်မှန်းထားရာ ထိုပမာဏပြည့်လျှင်ပင် အသုံးပြုသူအရေအတွက်သည် နိုင်ငံ့လူဦးရေ၏ ၁ဝ ပုံတစ်ပုံ မပြည့်သေးပေ။
နိုင်ငံတကာတွင်မူ ငွေပေးချေမှုစနစ်အပေါ် ငွေသားအသုံးပြုမှု တတ်နိုင်သမျှ လျော့ကျစေရန် ဆောင်ရွက်မှုများရှိလာသော်လည်း မြန်မာပြည်၌မူ ငွေသားကိုသာ အဓိကထားသုံးနေဆဲဖြစ်သည်။
အစိုးရဌာနများသည်ပင် ငွေပေးချေရာတွင် ငွေသားကိုသာ လက်ခံကျင့်ခြင်းကြောင့်လည်း ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် တိုးတက်မှုနှေးကွေးနေစေသည့် အကြောင်းတစ်ချက်ဖြစ်သည်ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
''တခြားနိုင်ငံတွေမှာဆိုရင် ငွေသားသုံးတာ လျော့ကျစေဖို့ အစိုးရက လုပ်ထားပေးတာတွေရှိတယ်။ ဥပမာ - ကုန်ပစ္စည်းတစ်ခုကို ဝယ်တဲ့အခါ ငွေသားနဲ့ဆိုရင် ကုန်သွယ်ခွန်ငါးရာခိုင်နှုန်း၊ ကတ်နဲ့ဝယ်တဲ့သူကို သုံးရာခိုင်နှုန်းပဲ ကောက်တယ်။ ဒီလိုစနစ်မျိုးနဲ့ ငွေသားသုံးစွဲမှု ကျဆင်းသွားဖို့ ပံ့ပိုးမှုလုပ်ထားတယ်''ဟု ၎င်းက ပြောသည်။
ပြည်တွင်းကတ် ကိုင်ဆောင်သုံးစွဲသူများသည်လည်း ကတ်စနစ်ကို ငွေသားထုတ်ရန်အတွက်သာ အသုံးပြုမှုများနေပြီး အခြားသော ငွေပေးချေမှုများအတွက် အသုံးပြုမှုနည်းသည်။ ထို့အတွက် ကတ်စနစ်ဖြင့် ကုန်ပစ္စည်းဝယ်ယူခြင်းနှင့် အခြားသော ငွေပေးချေမှုများအတွက် အသုံးပြုများလာရေးအတွက် အသိပညာပေးမှုများ လုပ်ဆောင်ရန် လိုအပ်ချက်ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။
လက်ရှိတွင် ကတ်အသုံးပြုသူ လေးသန်းခွဲအနက် ဈေးဝယ်စင်တာများတွင် ကတ်ဖြင့် ဈေးဝယ်သူမှာ တစ်သိန်းခန့်သာရှိသဖြင့် ကတ်ကိုင်သူစုစုပေါင်း၏ ၄၅ ပုံ တစ်ပုံသာ ကတ်ကို ငွေထုတ်သည်ထက် ပိုသုံးသည့်သဘောဖြစ်သည်။
အမ်ပီယူကမူ ၎င်းတို့ဘက်က ပြည်တွင်းအီလက်ထရွန်းနစ် ဈေးရောင်းဈေးဝယ်စနစ် လုပ်ဆောင်ရန်ပင် အသင့်ရှိနေပြီဟု ဆိုသည်။
အမ်ပီယူကတ် သုံးသူများသည် ဘဏ်များတွင် အီလက်ထရွန်းနစ် ဈေးရောင်းဈေးဝယ်လုပ်လိုကြောင်း၊ ထပ်မံမှတ်ပုံတင်လိုက်လျှင် စတင်အသုံးပြုနိုင်ပြီဖြစ်ကာ အသုံးပြုစဉ်တွင် လုံခြုံရေးအတွက် တစ်ခါသုံးလျှို့ဝှက်ကုဒ်များ ပို့ပေးလိမ့်မည်ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။
ငွေသားသုံးစွဲမှု မြင့်မားနေဆဲဖြစ်သော်လည်း မြန်မာများသည် OK Dollar၊ Wave Money နှင့် အမ်ပိုက်ဆံကဲ့သို့သော မိုဘိုင်းဖုန်းနှင့် အသုံးပြုရသော ငွေကြေးဝန်ဆောင်မှုများ ပေါ်ပေါက်လာခြင်းကြောင့် ငွေလွှဲပို့သည့်ကိစ္စရပ်များတွင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုမှု ပိုတွင်ကျယ်လာသည်။
သို့သော် ထိုသို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေလွှဲငွေပို့လုပ်ရာတွင်လည်း လွှဲပြီးသည်နှင့် ငွေသားကိုသာ သွားထုတ်ကာ သုံးစွဲနေကြသဖြင့် ရာနှုန်းပြည့် ဒစ်ဂျစ်တယ်စနစ်သုံးနေပြီဟု ပြော၍မရနိုင်ပေ။
ထိုကဲ့သို့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ပြုလုပ်မှုများလာသည်နှင့်အမျှ ၎င်းဝန်ဆောင်မှု အဖွဲ့အစည်းများကိုလည်း ကတ်စနစ်ဖြင့်အသုံးပြုနိုင်ရန် အစိုးရက ခွင့်ပြုပေးရန် လိုအပ်သည်ဟု ဦးဇော်လင်းထွဋ်က ဆက်ပြောသည်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုများတွင်လည်း ကတ်စနစ်ဖြင့်သာ အသုံးပြုမှုဖြစ်လာပါက ငွေကြေးလည်ပတ်စီးဆင်းမှုတစ်ရပ်လုံး ဒစ်ဂျစ်တယ်စနစ်ကိုသာ အခြေခံလာသည့်အတွက် ငွေသားပေးချေမှုကို အလျင်အမြန်လျှော့ချလာနိုင်မည်ဟု ၎င်းက ပြောသည်။
Credit: The Myanmar Times