ကွာရှင်းပြတ်စဲပြီးသော မိဘများနှင့် သူတို့၏ သားသမီးများ၏ အိမ်လိုအပ်ချက်
များကို ပိုမိုပံ့ပိုးပေးရန် စင်္ကာပူအိမ်ရာနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (HDB) က
အစိုးရမတည်သော တိုက်ခန်းတစ်ခန်းအား သူတို့ကွာရှင်းသည့်ရက်စွဲမှ
သုံးနှစ်အတွင်း တစ်ဦးသာ ၀ယ်ယူခွင့်မူဝါဒကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
ယင်းကြေညာချက်အား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး လောရင့်စ်ဝုန်က
မတ်လ ၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏
ပေးသွင်းရေးကော်မတီအစည်းအဝေးတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
"ကွာရှင်းပြတ်စဲကြသည့် နှစ်ဦးနှစ်ဖက်စလုံးသည် တိုက်ခန်းဝယ်ယူမှုဆိုင်ရာ
သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကွာရှင်းပြီးသည်နှင့်တစ်ပြိုင်နက်
အစိုးရမတည်သည့် တိုက်ခန်းတစ်ခန်းကို ကိုယ်စီကိုယ်ငှဝယ်ယူခွင့်ရှိပြီဖြစ်သည်။"
ဟု HDB က ထုတ်ပြန်ခဲ့သည်။
စင်္ကာပူတွင် ကွာရှင်းပြတ်စဲမှုအရေအတွက် မြင့်တက်လာမှုကြောင့်
ယင်းစည်းမျဉ်းများကို ဖြေလျှော့ခဲ့ခြင်းဖြစ်နိုင်ကြောင်း စင်္ကာပူရှိအိမ်ခြံမြေအေဂျင်စီ
တစ်ခုဖြစ်သော ERA Realty ၏ တာဝန်ခံအရာရှိ ယူဂျင်းလင်မ်က
ပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ကွာရှင်းပြတ်စဲမှု ၆,၉၀၄ မှု ရှိခဲ့ရာမှ ၂၀၁၆
ခုနှစ်တွင် ၇,၆၁၄ မှု ရှိခဲ့ကြောင်း စာရင်းအင်းဌာန၏ ကိန်းဂဏန်းများအရ
သိရသည်။
ကွာရှင်းပြတ်စဲမှုအရေအတွက်က HDB ၏ ထပ်ဆင့်ရောင်းချသောဈေးကွက်အား
သိသိသာသာသက်ရောက်မှုရှိစေရန် ကောင်းစွာမလုံလောက်ဘဲ
ထပ်ဆင့်ရောင်းချသောတိုက်ခန်းအရောင်းအ၀ယ်အရေးအတွက်
ဆက်လက်မြင့်တက်နိုင်ကြောင်း လင်မ်က ခန့်မှန်းခဲ့သည်။
"ကွာရှင်းပြီးသူတွေမှာ ချက်ချင်းလက်ငင်း အိမ်လိုအပ်မှုတွေ ရှိကြပါတယ်။
ဒါကြောင့် အခုဆို ထပ်ဆင့်ရောင်းချတဲ့အိမ်ခန်းကို ၀ယ်ယူတာက
ပိုမိုမြန်ဆန်တာမို့ အိမ်ဝယ်ဖို့အတွက် ထပ်ဆင့်ရောင်းချတဲ့ဈေးကွက်ကို
ခြေဦးလှည့်လာနိုင်ပါတယ်။" ဟုလည်း သူက ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com