စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် City Developments Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော Reselton Properties က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၂၂ ဧကကျယ်ဝန်းသော အရက်ချက်စက်ရုံဝန်းနေရာကို ပေါင် ၁ ဘီလီယံကျော်သုံးကာ ဘက်စုံသုံးစီမံကိန်းကြီးတစ်ခု ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
ဆောက်လုပ်မည့် တည်နေရာမှာ လန်ဒန်မြို့အနောက်ဘက်၊ သိမ်းမြစ်၏တောင်ဘက်ကမ်း၊ မော့ထ်လိတ်ခ်အရပ်တွင် တည်ရှိပြီး ပေါင် ၁ ဒသမ ၂၅ ဘီလီယံသုံးစွဲကာ ဘက်စုံသုံးဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်ရန် စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိအားဖြင့် Reselton Properties သည် စီမံကိန်းမန်နေဂျာများ ခန့်အပ်ကာ အဆောက်အအုံဟောင်းကို ဖျက်သိမ်းရှင်းလင်းမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများစတင်နိုင်ရန် ပြင်ဆင်လျက်ရှိနေသည်။
စီမံကိန်းကို ဒီဇိုင်းရေးဆွဲပေးသည်မှာ Squire & Partners ဗိသုကာအဖွဲ့မှဖြစ်သည်။
စီမံကိန်းအတွင်း ပါဝင်မည့်အရာများမှာ
(၁) အရက်ဘားများ၊ စားသောက်ဆိုင်များ၊ အားကစားလေ့ကျင့်ရေးခန်းမတစ်ခု၊ ဟိုတယ်တစ်လုံး၊ ရုပ်ရှင်ရုံ
(၂) ၉ ဧကကျယ်ဝန်းသော စိမ်းလန်းစိုပြေသည့်ဥယျာဉ်နေရာ
(၃) ကျောင်းသားပေါင်း ၁၂၀၀ ခန့် တက်ရောက်နိုင်မည့် အထက်တန်းကျောင်းတစ်ခု
(၄) စတုရန်းပေ ၃၂၀၀၀ ခန့်ရှိမည့် ရုံးခန်းနေရာများ
(၅) နေအိမ်ပေါင်း ၆၆၇
Reselton သည် ယင်းမြေနေရာကို ဘယ်လ်ဂျီယမ်အခြေစိုက် အဖျော်ယမကာကုမ္ပဏီ AB InBev ကုမ္ပဏီထံမှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Squire & Partners ဗိသုကာအဖွဲ့မှ မိုက်ကယ် စကွိုင်ယာက ပြောကြားရာတွင် “ပြီးခဲ့တဲ့ ၁၈ လတာကာလပတ်လုံး ဒေသတွင်း အသိုက်အဝန်းအတွက် အမှန်တကယ်အဖိုးတန်မယ့် စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေခဲ့ပါတယ်။ သိမ်းမြစ်ရဲ့ လှပပြီးအရေးပါတဲ့နေရာတစ်ခုကို အများပြည်သူထံပေးနိုင်ဖို့ ဖြစ်ပါတယ်”
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)