ပဲခူးတိုင်း၊ ပဲခူးမြို့အနီးတွင် အကောင်အထည်ဖော်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း ဆောက်လုပ်ရန် မရေမရာဖြစ်နေသောကြောင့် ပဲခူးမြို့၏ အိမ်ခြံမြေဈေးများ တရိပ်ရိပ်ပြန်လည်ကျဆင်းနေကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများက ပြောသည်။
''အိမ်ခြံမြေဈေးကွက်က အေးတာပေါ့။ လေဆိပ်အရှိန်ကြောင့် ဈေးတွေက တက်ထားတာကို။ လမ်းမဘေးဆိုလည်း ၅ဝဝ လောက်တန်တဲ့ဟာတွေလည်း ၁,၅ဝဝ လောက်ဖြစ်ကုန်တာပေါ့။ အခုလေဆိပ်က အေးသွားတဲ့အနေအထားမှာဆိုတော့ တအိအိနဲ့ ပြန်ကျကုန်တာပေါ့''ဟု ပဲခူးမြို့ ကျော်သီဟ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်ဝင်းက ပြောသည်။
၎င်း၏အဆိုအရ ကျပ်သိန်း ၁,၅ဝဝ ခန့်ထိ ဈေးတက်ခဲ့သော မြေကွက်များမှာ ယခုအခါ ကျပ်သိန်း ၇၅ဝ ခန့်ထိ ထက်ဝက်ချိုးဈေးကျနေကြောင်း သိရသည်။
''လေဆိပ်က ဟန်ရေးပြင်လိုက် ပျက်လိုက်ဆိုတော့။ လူတွေက လုပ်ခါမှလုပ်ကောဆိုပြီး စိတ်ကို ဒုံးဒုံးချလိုက်တာ။ သတင်းဘယ်လောက်ထွက်ထွက် သိပ်အရေးတယူမရှိတော့ဘူး''ဟု သူက ဆက်ပြောသည်။

ပဲခူးမြို့တွင် ဟံသာဝတီလေဆိပ် အကောင်အထည်ဖော်မည်ဟု သတင်းထွက်ခဲ့စဉ် ၂ဝ၁၃ ခုနှစ်ဝန်းကျင်က ထိုမြို့၏ အိမ်ခြံမြေဈေးနှုန်းများသည် ထိုးတက်ခဲ့ပြီး အရောင်းအဝယ် အများအပြားလည်း ဖြစ်ခဲ့သည်။
ထိုစဉ်က အိမ်ခြံမြေဈေးကစားကြသူများကြောင့် ပဲခူးတွင် ကျပ်သိန်း ၁ဝဝ တန် မြေကွက်များသည် ကျပ်သိန်း ၁,ဝဝဝ ခန့်အထိ ၁ဝ ဆကျော် ဈေတက်သွားခဲ့သည်ဟု ဒေသခံအကျိုးဆောင်လုပ်ငန်းများက ဆိုသည်။
''လွန်ခဲ့တဲ့ သုံးနှစ်လေးနှစ်က လေဆိပ်စီမံကိန်းဖြစ်မယ်ဆိုတုန်းက ဝုန်းဒိုင်းကြဲပြီးတော့ ဖြစ်ခဲ့တာကတော့ ကျန်ခဲ့ပြီ''ဟု ပဲခူးမြို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဌ ဦးသက်နိုင်ဦးက ပြောသည်။
ပဲခူးမြို့သည် မြို့ဧရိယာသေးသည့်အတွက် မြို့ထဲဧရိယာတွင် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတကြောင်း၊ ယင်းနေရာများတွင် အမှန်တကယ်လိုအပ်သည့်သူများသာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း မြို့အခြေစိုက်အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
''အခုနောက်ပိုင်းကတော့ တကယ်နေမယ့်ထိုင်မယ့်သူတွေ၊ တကယ်သုံးစွဲမယ့်သူတွေ တကယ့်နေရာကောင်းတွေကတော့ ပုံမှန်အားဖြင့်တော့ အရောင်းအဝယ်ဖြစ်ကြပေမဲ့ ဈေးနှုန်းကတော့ မတက်တော့ဘူးပေါ့။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးပဲ ဖြစ်ကြတာပေါ့''ဟု ဦးသက်နိုင်ဦးက ပြောသည်။
ပဲခူးမြို့သစ်ဘက်တွင်လည်း အိမ်ခြံမြေဈေးနှုန်းသည် အကြမ်းဖျင်း သုံးပုံတစ်ပုံမှ ထက်ဝက်ခန့်ထိ ကျဆင်းနေကြောင်း စုံစမ်းရရှိသည်။
ပဲခူးမြို့ဟောင်းဘက်တွင် အချက်အချာကျသည့်နေရာများတွင် နေရာရှားပါးမှုကြောင့် ဈေးနှုန်းထိုးကျမသွားသော်လည်း အရောင်းအဝယ်ထိုင်းနေကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
မြို့၏ စက်မှုဇုန်ဘက်တွင်မူ မြေကွက်အရေအတွက်နည်းခြင်း၊ အမှန်တကယ်လိုအပ်သူများသာ ဝယ်ယူကြခြင်းကြောင့် အခြားနေရာများကဲ့သို့ ဈေးမကျဆင်းဘဲ တစ်ဧကကို ကျပ်သိန်း ၁,၅ဝဝ ဝန်းကျင်ခန့်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
''လက်ရှိ လေဆိပ်စီမံကိန်း မဖြစ်သေးဘူးဆိုရင် တစ်ဝက်ဈေးနဲ့ ကျန်ခဲ့မယ်လို့ သုံးသပ်တယ်။ လေဆိပ်စီမံကိန်း တကယ်ဖြစ်ခဲ့ပြီဆိုရင်တော့ ဈေးကွက်တကယ်ပြောင်းလဲနိုင်တယ်''ဟု အိမ်ခြံမြေအကျိုးဆောင်ဦးကျော်ဝင်းက ပြောသည်။
ဟံသာဝတီလေဆိပ်ကို ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၈ဝ ခန့်အကွာ၊ ပဲခူးမြို့အနီးတွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။ ဟံသာဝတီနိုင်ငံတကာလေဆိပ်အသစ် တည်ဆောက်မည့် စီမံကိန်းသည် အဓိကသဘောတူညီမှုဆိုင်ရာ လက်မှတ်ရေးထိုး ချုပ်ဆိုထားသည့်ကာလ ကန့်သတ်ချက်ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း လေဆိပ်သစ်ကိုတည်ဆောက်ရန် ကန်ထရိုက်ရရှိခဲ့သည့် အစုရှယ်ယာစပ် စီးပွားရေးလုပ်ငန်းကြီးတွင် ပါဝင်သော စင်ကာပူအခြေစိုက် Yongnam Holdings က ဖေဖော်ဝါရီ ၂၆ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Credit: Myanmar Times