ကရင်၊ မွန်နှင့် ရခိုင် ပြည်နယ်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကန်ဒေါ်လာ တစ်သိန်း ကျော် (ကျပ်သိန်း ၁,၃၀၀ ကျော်) စီမံကိန်းများ တိုက်ရိုက်လျှောက် ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံရုံး ပထမအတွင်းဝန် က ပြောသည်။
လျှောက်ထားလိုသူများသည် ဂျပန်သံရုံးသို့ တိုက်ရိုက်လျှောက် ထားရမည်ဖြစ်ပြီး ဒေသအတွက် အမှန်တကယ်လိုပြီး လူထုအတွက် အကျိုးရှိပါက စီမံကိန်းအ တွက် ငွေကြေးအကူအညီ တိုက်ရိုက်ချပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
‘‘လျှောက်မယ်ဆိုရင် စီမံကိန်းအတွက် ကော်မတီဖွဲ့ရမယ်။ ကော်မတီက တိုက်ရိုက်ကြီးကြပ် ရမယ်။ ဒါက ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက တိုက်ရိုက်သွားတဲ့ အသေးစားထောက်ပံ့မှုစီမံကိန်း ပါ’’ဟု ပထမအတွင်းဝန်က ပြောသည်။
အဆိုပါအသေးစားဖွံ့ဖြိုး ရေးစီမံကိန်း (Grant Assistance Grassroots Human Security Project-GGP) ကို ၁၉၉၃ နောက်ပိုင်းတွင် ဂျပန်နိုင်ငံအစိုးရက မြန်မာလူထုအတွက် တိုက်ရိုက်ချပေးခြင်းဖြစ်ပြီး လက်ရှိတွင် လျှောက်ထားမှုအများဆုံးသည် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ဖြစ်ကြောင်း ဂျပန်သံရုံး တတိယအတွင်းဝန်က ပြောသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအဓိကထားလုပ်ကိုင်စေလိုခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ တစ်နှစ်လျှင် စီမံကိန်းအခု ၅၀ ခန့် ခွင့်ပြုရန်အစီ အစဉ်ရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။
လျှောက်ထားသူများသည် ပညာရေး၊ ကျန်းမာရေး၊ ရာသီဥတုနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များအတွက် စီမံကိန်းများရေးဆွဲပြီး လျှောက်ထားနိုင် ကြောင်း၊ လျှောက်ထားသည့်အ ချက်များပေါ်မူတည်၍ သံရုံးက စစ်ဆေးမည်ဖြစ်ပြီး တင်ပြချက်မှန်ကန်ပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း တတိယအတွင်းဝန်က ပြောသည်။
၁၉၉၃ ကစတင်ပြီး ၂၀၁၈ ဇန်န၀ါရီအထိ အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းများထောက်ပံ့မှု အစီအစဉ်အရ စီမံကိန်း ၈၄၂ ခု ခွင့်ပြုခဲ့သည်။ ယင်းတို့အနက် ပညာရေးဆိုင်ရာအဆောက်အအုံ ၄၂၄ ခုပါဝင်ပြီး ကျန်းမာရေးဆိုင်ရာစီမံကိန်း ၂၀၀ ကျော် ပါဝင်သည်။
Credit: 7Daydaily