အာရှပစိဖိတ်၌ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇ ခုနှစ် နောက်ဆုံးသုံးလပတ် (၂၀၁၇ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာဟူသော စတုတ္ထသုံးလပတ်)
အတွင်း ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂ ဘီလျံ စံချိန်တင်ရှိခဲ့သည်။
ယင်းအနက် တရုတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟောင်ကောင်၊ သြစတြေးလျနိုင်ငံနှင့် ဂျပန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံသူများအကြား
အထူးကြိုက်နှစ်သက်သော အာရှပစိဖိတ်ဈေးကွက်များ ဖြစ်နေကြဆဲဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ JLL က ယခုနောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များအရ သိရသည်။
ဟောင်ကောင်က ၎င်းစတုတ္ထသုံးလပတ်အတွင်း အရောင်းအ၀ယ်ပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလျံသို့ ၂၀၁၆ စတုတ္ထသုံးလပတ်ကထက် ၁၇၁
ရာခိုင်နှုန်း တစ်ဟုန်ထိုးမြင့်တက်ခဲ့ကာ အာရှပစိဖိတ်ဒေသတွင်း အရောင်းအ၀ယ် အဟော့ဆုံး အိမ်ခြံမြေဈေးကွက်ဖြစ်ခဲ့သည်။
ထိုသိသိသာသာတစ်ဟုန်ထိုးဖွံ့ဖြိုးမှုသည် Kwun Tong အရပ်ရှိ Wheelock's 8 Bay East အဆောက်အအုံကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံဖြင့်
ရောင်းချရမှုအပါအ၀င် အရောင်းအ၀ယ်ကြီးများကြောင့် အဓိကဖြစ်သည်။
သြစတြေးလျနှင့် ဂျပန်တို့တွင် ယင်းသုံးလပတ်အတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု သည် ၂၀၁၆ ထိုသုံးလပတ်ကထက် ၄၀ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့သည်။
ရှန်ဟိုင်းတွင်လည်း ၎င်းသုံးလပတ်အတွင်း ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါး ၀ယ်ယူမှုဖြင့် တက်ကြွခဲ့ကြသည်။ အဓိကအရောင်းအ၀ယ်များတွင် ဟောင်ကောင်အခြေစိုက် Gaw Capital က Sky Soho အား အမေရိကန်ဒေါ်လာ ၇၅၇ သန်း ဖြင့် ၀ယ်ယူမှု ပါဝင်သည်။ ၂၀၁၇ တစ်နှစ်လုံးတွင် ပြည်ပမှအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံရှိသည့် ရှန်ဟိုင်းသည် ပြည်ပမှရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု
ကမ္ဘာ့တတိယ အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com