ကမ္ဘာကျော် ပေါ့ပ်ကြယ်ပွင့် ဆလီနာဂိုမက်ဇ်သည် တက္ကဆပ်ပြည်နယ်ရှိ နေအိမ်ကြီးကို ဈေးအနည်းငယ်လျှော့ပေးကာ ဈေးကွက်သို့ ပြန်လည်တင်သွင်းလာသည်။
ဆလီနာဂိုမက်ဇ်၏ အဆိုပါနေအိမ်အကြောင်း၊ ယခင်က အရောင်းဈေးကွက်တင်ခဲ့ပုံအကြောင်းများကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ဖူးပါသည်။
ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/699437 (၂) https://www.imyanmarhouse.com/news/read/592201 အင်တာနက်လင့်ခ်များတွင် ပြန်လည်ဖတ်ရှုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဖော့ထ်ဝါ့သ်မြို့ကလေးတွင် တည်ရှိသည်။
ဆလီနာဂိုမက်ဇ်က အဆိုပါနေအိမ်ကို အနည်းငယ်ဈေးလျှော့ပေးကာ ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သော ဆလီနာသည် ဖော့ထ်ဝါ့သ်မြို့၊ မောင့်ထ်ဆာရက်အရပ်ရှိ အိပ်ခန်း ၅ ခန်းပါနေအိမ်ကို ပြီးခဲ့သော ၂၀၁၇ ခုနှစ် မေလအတွင်းက ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းသွားခဲ့ခြင်းဖြစ်သည်။
ကျောက်တုံးများကို အဓိကအသုံးပြုကာ အင်္ဂလိပ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောနေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ဝန်းကျင်အထိ ကျယ်ဝန်းသည်။
Christie’s International Real Estate ၏ ကုမ္ပဏီခွဲဖြစ်သော Wegman Walsh & Associates မှတစ်ဆင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။
နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အောက်ထပ်တွင် ဧည့်ခန်းမ၏ နောက်ဘက်၌ စံမီအရက်ဘားတစ်ခု ပါဝင်သည်။
ဧည့်ခန်းတွင် ကျောက်တုံးမီးလင်းဖိုတွေ့ရပြီး ဧည့်ခန်းမှတစ်ဆင့် မီးဖိုဆောင်သို့ တိုက်ရိုက်ရောက်ရှိမည် ဖြစ်သည်။
နေအိမ်အတွင်း ဂိမ်းကစားခန်း၊ မွှေးပွသိုးမွှေးထိုင်ခုံများ ပါဝင်သည့် မီဒီယာခန်းမတို့လည်း ပါဝင်သည်။
ဆလီနာဂိုမက်ဇ်၏ နေအိမ်တွင်း အပြင်အဆင်တို့မှာ မိန်းကလေးဆန်ပြီး ညစာစားခန်းတွင် ပန်းရောင်သိုးမွှေးထိုင်ခုံကြီး ၂ လုံး ထားရှိခြင်းမျိုး ဖြစ်၏။
“Bad Liar” တေးသီချင်းအဆိုတော် ဆလီနာက ယခုနေအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး ထိုစဉ်က သူ၏စီးပွားရေးမန်နေဂျာ ရစ်ချတ် ဖဲစတိန်းမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ထိုစဉ်က ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်ဆိုခြင်းကိုမူ မသိရချေ။
ဝယ်ယူပြီးတစ်နှစ်အကြာတွင် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းခန့်ဖြင့် အရောင်းဈေးကွက်သို့တင်ခဲ့ပြီး ထိုအချိန်မှစတင်ကာ အရောင်းဈေးကွက်သို့ တင်သွင်းခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းတို့ဖြင့် လည်ပတ်နေပြီး ရောင်းမထွက်ခဲ့ချေ။
ဆယ်လီနာ မာရီလ် ဂိုမက်သည် အမေရိကန်သရုပ်ဆောင် ၊ တေးရေးတေးဆို တစ်ယောက်ဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ဆလီနာဂိုမက်ဇ်သည် အင်စတာဂရမ်လူမှုကွန်ရက်တွင် follower အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
ဂီတသက်တမ်းတစ်လျှောက် ဆုပေါင်းများစွာရရှိခဲ့ရာ အမေရိကန်-လက်တင် မီဒီယာအနုပညာဆု (ALMA)၊ အမေရိကန်ဂီတဆု၊ အမ်တီဗွီဂီတဗီဒီယိုဆု၊ People's Choice ဆု၊ Billboard Women in Music ဆု ၂ ကြိမ်၊ Teen Choice ဆု ၁၆ ကြိမ် ရရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)