Platoon (၁၉၈၆) ၊ Wall Street (၁၉၈၇) နှင့် The Three Musketeers (၁၉၉၃) စသည်တို့အပြင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အမေရိကန်သရုပ်ဆောင် ချာလီရှင်းက လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။
ချာလီရှင်းသည် သူ၏နေအိမ်များကို ရောင်းထုတ်လျက်ရှိရာတွင် ယခုနေအိမ်မှာ ၃ လုံးမြောက် ဖြစ်သည်။
နေအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့၏ ကမ္ဘာကျော်များအခြေချရာ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါဝင်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ နီးပါးရှိပြီး ကန်ဒေါ်လာ ၉,၉၉၉,၉၉၉ ဈေးခေါ်ထားသည်။
အဝင်ခန်းမကို အထပ်နှစ်ထပ် ပေါင်းစည်းသည့် ပုံစံဖြင့် ဆောက်လုပ်ထားပြီး မြေထဲပင်လယ်ဗိသုကာဟန်ကို အသုံးပြုထားသည်။
Formal ညစာစားခန်း၊ ဂိမ်းကစားခန်းနှင့် အိမ်တွင်းရုပ်ရှင်ရုံတစ်ခု၊ ရိက္ခာသိုလှောင်ခန်း ပါဝင်သည့် မီးဖိုဆောင်တို့ ပါဝင်သည်။
အပေါ်ထပ်မှ အခန်းတစ်ခန်းမှတစ်ဆင့် လသာဆောင်သို့ ရောက်ရှိနိုင်သည်။
ခြံဝန်းအကျယ်မှာ ဧကဝက်ခန့်ရှိပြီး ခြံဝန်းအတွင်း ရေကူးကန် ၂ ခု၊ ဟင်းလင်းပြ ညစာစားနေရာ၊ ဟင်းလင်းပြင်မီးဖိုဆောင်နှင့် တွဲဖက်ထားသော ရှုခင်းကြည့်အဆောက်အအုံ၊ နေအိမ်ရှေ့တွင် ကောင်းစွာမွမ်းမံထားသည့် ပန်းဥယျာဉ်များ ပါဝင်သည်။
ချာလီရှင်းသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း Mulholland Estates ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၆ ဒသမ ၆ သန်းဖြင့် ရောင်းချခဲ့သေးသည်။ ထိုနေအိမ်မှာ မစ္စတာရှင်း၏ ကလေးများဖြစ်သော လိုလာနှင့် ဆမ်တို့၏ အမည်ဖြင့် ဝယ်ယူထားခဲ့သည့်နေအိမ်ဖြစ်ပြီး ယခုဈေးကွက်တင်သည့်နေအိမ်မှ ပေ ၁၀၀၀ ခန့်ပင် မကွာဝေးချေ။
အသက် ၅၂ နှစ်ရှိပြီဖြစ်သော ချာလီရှင်းသည် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းကလည်း Mulholland Estates တွင်ပင်ရှိသော နေအိမ်တစ်လုံးကို ရောင်းချခဲ့ဖူးသေးကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ယင်းနေအိမ်မှာ ချာလီရှင်း၏ အခြားကလေးများဖြစ်သော ဘော့ပ်နှင့် မက်စ်တို့၏ အမည်များဖြင့် ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၅ ဒသမ ၄၁၅ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။
ယခုရောင်းချမည့်နေအိမ်ကို လက်ရှိပိုင်ဆိုင်ထားသည်မှာ The Loid Trust ကုမ္ပဏီမှဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဝယ်ယူခဲ့ကာ ယင်းနောက်ပိုင်းကတည်းက ပိုင်ရှင်အပြောင်းအလဲမရှိခဲ့ချေ။
(အချက်အလက်များ)
ဈေးနှုန်း- ကန်ဒေါ်လာ ၉,၉၉၉,၉၉၉
အိပ်ခန်း- ၇ ခန်း
ရေချိုးခန်း- ၇ ခန်း
နေအိမ်တွင်း အကျယ်အဝန်း- ၈၉၃၂ စတုရန်းပေ
အိမ်ပြင် ခြံဝန်းအကျယ်- ၀ ဒသမ ၄၆၄ ဧက
ဆောက်လုပ်သည့်ခုနှစ်- ၁၉၉၂
ပါဝင်သည့်အခန်းများ- အခန်းပိုတစ်ခန်း၊ လေ့ကျင့်ခန်းခန်းမ၊ အိမ်တွင်းရုပ်ရှင်ရုံ၊ အဝတ်လျှော်ခန်း၊ မီဒီယာခန်းမ၊ ရုံးခန်း၊ အဝတ်အစားထားသိုခန်း
ဈေးကွက်တင်သွင်းမှု- လွန်ခဲ့သော ၁၂ ရက်က
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)