နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အများစုသည် B.O.T(Build Operate Transfer)စနစ်ဖြင့် ဆောင်ရွက်နေပြီး စာချုပ်သက်တမ်းပြည့်ပါကယင်းဟိုတယ်ကြီးများကို နိုင်ငံတော်မှ လွှဲပြောင်းလက်ခံမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြောကြားကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများကို ပုဂ္ဂလိကမှ ဆောင်ရွက်မှ သာလျှင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ၁၉၉ဝပြည့်နှစ်တွင် Myanmar Tourism Law၊၁၉၉၃ ခုနှစ်တွင်မူလ ဥပဒေအား ပြင်ဆင်သည့် Myanmar Hotel & Tourism Law အား ပြဋ္ဌာန်းပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း၊ခရီးလှည့်လည်ရေးလုပ်ငန်း၊ပို့ဆောင်ရေးလုပ်ငန်းနှင့်ဧည့်လမ်းညွှန်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုံးလုံးလျားလျား ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ်ဇန်နဝါရီလကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၆လုံးရှိပြီး ထိုအထဲတွင် အချို့မှာ BOT နှင့်ဆောင်ရွက်နေခြင်းဖြစ်သည် ဟု ပြည်ထောင်စုဝန်ကြီးမှ ပြောကြားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၃၆လုံးတွင် အခန်းပေါင်း ၆၁၆၅ခန်းရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂ဒသမ ၃ဘီလျံခန့် ရှိကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ်ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် နိုင်ငံသားပိုင်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၅၆၉ လုံးတွင် အခန်းပေါင်း ၅၈၄၁၃ ခန်းရှိပြီးရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် ကျပ်ဘီလျံပေါင်း ၂၃ဝဝ ခန့်ရှိကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကဏ္ဍမှ သာ ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံမှု များ ရှိနေပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်ကွပ်ကဲမှုသာ ဆောင်ရွက်နေကြောင်း သိရသည်။
Credit : Pyi Myanmar