ပါကစ္စတန်နိုင်ငံတွင် ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံတန်ကြေးရှိ အဝေးပြေးလမ်းမကြီးတစ်ခုဆောက်လုပ်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ပါကစ္စတန် အမျိုးသားအဝေးပြေးလမ်းမ အာဏာပိုင်အဖွဲ့ (NHA) က ထုတ်ပြန်သည်ဟု အိန္ဒိယအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) စီမံကိန်းအရ အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
NHA အကြီးအကဲ ဂျာဝက်ဒ် ရာဖစ်ခ် မာလစ်ခ်က ပြောကြားရာတွင် တရုတ်အစိုးရ ဆောက်လုပ်ရေး အင်ဂျင်နီယာကုမ္ပဏီ (CSCEC) သို့ ကန်ဒေါ်လာ သန်း ၂၀၀ နီးပါးလျှော့ပေါ့ပေးခဲ့ပြီး ယင်းအချက်မှာ မူရင်းသဘောတူညီချက်တွင် ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန် ပြည်သူ့ပါတီမှ အထက်လွှတ်တော်အမတ် ဆလမ် မန်ဗီဝါလာ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဘဏ္ဍာရေးနှင့် အကောက်ခွန်အမြဲတမ်းကော်မတီ အစည်းအဝေးမတိုင်မီ NHA အကြီးအကဲ ၏ ထုတ်ပြန်ချက်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
ပါကစ္စတန် အမျိုးသားစီးပွားရေးကောင်စီ အမှုဆောင်ကော်မတီက မာလ်တန်-ဆူခါ လမ်းမစီမံကိန်းကို ခွင့်ပြုကုန်ကျစရိတ် ရူပီး ၂၅၉ ဘီလီယံဖြင့် ခွင့်ပြုခဲ့သည်။
သို့တိုင်အောင် အနိမ့်ဆုံးဈေးနှုန်းဖြင့် လေလံယှဉ်ပြိုင်ခဲ့သည့် CSCEC မှ အဆိုပြုသည့်ဈေးနှုန်းပင်လျှင် ရူပီး ၄၀၆ ဘီလီယံရှိကြောင်း ၊ CSCEC သည် အခြားဈေးနှုန်းတစ်ခုဖြစ်သည့် ရူပီး ၃၃၉ ဘီလီယံဖြင့်လည်း alternate bid တင်သွင်းယှဉ်ပြိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ alternate bid ကို ရွေးချယ်လိုက်ခြင်းလည်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)