ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့မှ အသိအမှတ်ပြု ကျူးသက်သေခံစမတ်ကတ်များကို ကျပ် ၈ သိန်းဝန်းကျင်ဖြင့် ပြန်လည်ရောင်းချမှုများရှိနေသည်ဟု ကြားသိရကြောင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
ကျူးကျော်စမတ်ကတ်ရရှိသူများသည် နေထိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစားပေးစီစဉ်ပေးမည်ဟု ပြောကြားထားပြီး စမတ်ကတ်ပိုင်ဆိုင်ထားသည့် ကျူးများကို စီးပွားဖြစ်ကျူးနှင့် အမှန်တကယ်ကျူး ဟုတ်၊ မဟုတ် သေချာစိစစ်ပြီးမှသာ ကူညီမည်ဖြစ်ကြောင်း သိရသည်။
''၀ယ်လိုက်တဲ့သူအနေနဲ့ကတော့ ရှုံးပြီပေါ့။ အဲလိုပဲပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက အဲစနစ်တွေက အရမ်းကို ကျွန်တော်တို့အကျိုးစီးပွားအတွက် မဖြစ်သင့်တာတွေ ဖြစ်ခဲ့တယ်ဗျ။ ကျွန်တော်တို့ဆီမှာ တခုခုထုတ်ပြီဆိုလို့ရှိရင် ပြောရရင်တော့ ခွင်ပေါ့ဗျာ။ ဒါမျိုးတွေ မရတော့ဘူးဗျ။ အိမ်ရာမရှိတဲ့သူတွေကိုရည်ရွယ်တာဖြစ်တဲ့အတွက် မရပါဘူး ဒါမျိုးလုပ်လို့''ဟု ဦးညီညီက ပြောသည်။
ကျူးစမတ်ကတ် ပြန်လည်ရောင်းချနေသူများကို တိုင်းအစိုးရက အရေးယူရန် မရှိသေးကြောင်း၊ စမတ်ကတ်များကိုရောင်း၍မရကြောင်း ထိုကတ်ထုတ်ပေးစဉ်က ပြောထားကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကောက်ယူထားသည့်စာရင်းအရ ကျူးကျော်အိမ်ထောင်စု ၁၆၀,၀၀၀ ရှိကြောင်း ကျူးကျော်စာရင်း ကောက်ယူရေး အဖွဲ့ထံမှ သိရသည်။
ကျူးကျော်စာရင်းများကောက်ယူ ပြီးစီးခဲ့သည့်အိမ်ထောင်စုများကို ကျူးကျော် အသိအမှတ်ပြုကတ်ပြားများပေးခဲ့ပြီး ယင်းကတ်ပြားတွင် ကတ်ပျောက်ဆုံးပါက ပြန်လည် လျှောက်ထားရန်၊ လွှဲပြောင်းရောင်းချခြင်းမပြုလုပ်ရန်စသည့် အချက် ၄ ချက်ကို စည်းကမ်းချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့က ဒဂုံမြို့သစ် ၄ မြို့နယ် လှည်းကူး၊ လှိုင်၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ သန်လျင်၊ ကျောက်တန်း၊ သာကေတ၊ ဒလ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ ခရမ်း၊ သုံးခွ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်းအပါအ၀င် ၃၇ မြို့နယ်ရှိ ကျူးကျော်နေထိုင်သူများစာရင်းကောက်ယူမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်သည်။
Credit: News Watch