လသည် ၎င်း၏ ပထမဆုံးမိုဘိုင်းလ်ဖုန်းကွန်ရက်ကို ရှေ့နှစ်၌ ရရှိတာ့မည်ဖြစ်သည်။ ထို့ကြောင့် လမျက်နှာပြင်အနေအထားကို ကမ္ဘာမြေသို့ HD
ရုပ်ထွက်ပုံရိပ်များ ပို့ဆောင်နိုင်တော့မည်ဖြစ်သည်။
4G ကွန်ရက်သည် ပထမဆုံးပုဂ္ဂလိကငွေကြေးပံ့ပိုးသော လမစ်ရှင် (လဆိုင်ရာ အရေးကြီးအလုပ်) ကို ပံ့ပိုးသည့် စီမံကိန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
Vodafone Germany၊ ကွန်ရက်တပ်ဆင်ချိတ်ဆက်ရေးကုမ္ပဏီ Nokia နှင့် ကားထုတ်လုပ်ရေးကုမ္ပဏီ Audi တို့က ၎င်းတို့သည် ထိုမစ်ရှင်ကို ပံ့ပိုးရန်
လက်တွဲဆောင်ရွက်နေကြပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ တွင် ကြေညာခဲ့သည်။ နာဆာအာကာသယာဉ်မှူးများက လပေါ်တွင် ပထမဆုံးလမ်းလျှောက်နိုင်ခဲ့ပြီး
နောက် နှစ် ၅၀ အကြာတွင် ကြေညာခဲ့ခြင်းဖြစ်သည်။
သကြားအိတ်တစ်အိတ်လောက်ပင် မလေးသည့် hardware ငယ်လေးဖြစ်မည့် အာကာသအဆင့်ကွန်ရက်တစ်ခု တီထွင်ရန် နည်းပညာမိတ်ဖက်လုပ်ငန်းအဖြစ်
Nokia ကို ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း Vodafone က ထုတ်ပြန်ခဲ့သည်။
စီမံကိန်းအတွက် ၎င်းကုမ္ပဏီများသည် ဘာလင်အခြေစိုက် PTScientists ကုမ္ပဏီနှင့် လက်တွဲ၍ SpaceX Falcon 9 ဒုံးပျံကို Kennedy အာကသစခန်းမှ
၂၀၁၉ ခုနှစ်တွင် လွှတ်တင်ရန် ဆောင်ရွက်နေကြသည်။
"ဒီစီမံကိန်းမှာ မိုဘိုင်းလ်ကွန်ရက်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုဆီအကြီးအကျယ်တီထွင်ဆန်းသစ်တဲ့ ချဉ်းကပ်မှုတစ်ခု ပါဝင်ပါတယ်" ဟု Vodafone
Germany ၏ အမှုဆောင်ချုပ် ဟန်းနက်စ်အမ်းစထရိတ်တာက ပြောကြားခဲ့သည်။
5G ကွန်ရက်ကမူ လပေါ်တွင် သေချာအလုပ်ဖြစ်ရန် ကောင်းစွာမလုံလောက်သေးဘဲ စမ်းသပ်ဆဲဖြစ်သဖြင့် 4G ကွန်ရက်ကို
တည်ဆောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com