ဇီဝရုပ်ကြွင်းလောင်စာစွမ်းအင်မှသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကြီးမားသောအကူးအပြောင်းကို ကမ္ဘာတစ်ဝန်း မြို့ကြီးများတွင် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
မြို့ကြီး ၁၀၁ မြို့လောက်က ၂၀၁၇ ခုနှစ်တွင် ၎င်းတို့၏ လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်း ၇၀ ထက်မနည်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ
ထုတ်ယူအသုံးပြုခဲ့ကြကြောင်း၊၂၀၁၅ ခုနှစ်က ၄၂ ရာခိုင်နှုန်းအသုံးပြုခဲ့ရာမှ သိသိသာသာတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း Carbon Disclosure Project ဟု ယခင်ကသိခဲ့ကြသော ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုသုတေသနစီမံကိန်း CDP က ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုသစ်တစ်ရပ်အရ သိရသည်။
"ကမ္ဘာတစ်ဝန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ဘယ်လိုရည်ရွယ်ချက် ရှိတယ်ဆိုတာကို ကျွန်တော်တို့ရဲ့အချက်အလက်တွေက ထင်ထင်ရှားရှား ပြသနေပါတယ်။ မြို့ကြီးတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပြောင်းလဲသုံးစွဲချင်ကြရုံမကဘဲ များနိုင်သမျှများများကို ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သုံးစွဲချင်ကြတာပါ" ဟု CDP ၏ ဒါရိုက်တာတစ်ဦးဖြစ်သော ကီရာအက်ပဲလ်ဘီးက ပြောကြားခဲ့သည်။
ထိုလေ့လာမှုအတွက် CDP က စစ်တမ်းကောက်ယူခဲ့သည့် မြို့ကြီး ၅၇၀ ကျော်အနက် ၄၂ မြို့တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှသာ လျှပ်စစ်ဓာတ်အားကို ထုတ်ယူသုံးစွဲကြသည်။
၎င်းမြို့ကြီးများအနက် ၃၀ က လက်တင်အမေရိကတွင် တည်ရှိကြသည်။ လက်တင်အမေရိကသည် ၎င်းဒေသတွင်းရှိ စုစုပေါင်းမြို့ကြီးများ၏ ၅၇ ရာခိုင်နှုန်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အဓိကသုံးစွဲကြသည့် ဒေသကြီးဖြစ်သည်။
အာရှပစိဖိတ်ဒေသ၌ တောင်ကိုရီးယားရှိ အင်ဂျေးမြို့နှင့် သြစတြေးလျရှိ Hobart မြို့တို့ကသာလျှင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကို အဓိကမှီခိုသည့် မြို့များ ဖြစ်သေးသည်။ အလားတူပင် ဗားမောင့်ပြည်နယ်ရှိ ဘာလင်တန်မြို့သည်လည်း လျှပ်စစ်ဓာတ်အားအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များကို လုံးလုံးလျားလျားအားထားသည့် ပထမဆုံးနှင့်တစ်ခုတည်းသော အမေရိကန်မြို့ ဖြစ်သည်။
လျှပ်စစ်ဓာတ်အား၏ ၇၀ ရာခိုင်နှုန်းထက်မနည်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုသည့် မြို့ကြီးများ၏ ၂၀ ရာခိုင်နှုန်းက ဥရောပတွင် တည်ရှိပြီး ၉
ရာခိုင်နှုန်းက အာဖရိက၌ တည်ရှိကာ ၉ ရာခိုင်နှုန်းက မြောက်အမေရိကတွင် တည်ရှိသည်။
မြို့ကြီးအများစု (၂၇၅ မြို့) က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် ရေအားလျှပ်စစ်စွမ်းအင်ကို အသုံးပြုကာ ၁၈၉ မြို့က လေအားလျှပ်စစ်စွမ်းအင်ကို အသုံးပြပြီး ၁၈၄ မြို့ကနေအားလျှပ်စစ်စွမ်းအင်ကို အသုံးပြုကြကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com