ရန်ကုန်စတော့အိတ်ချိန်း တွင် ဖေဖော်ဝါရီအတွင်း စတော့ရှယ်ယာအရောင်းအ၀ယ်ကျပ် သန်း ၇၄၀ ကျော်ဖိုးဖြစ်ခဲ့ပြီး စတော့သမိုင်းတစ်လျှောက် အနည်းဆုံးဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းစာရင်းများ၌ ဖော်ပြထားသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ငါးခုမြောက် စာရင်းဝင်ကုမ္ပဏီ ရှိလာသော်လည်း ရှယ်ယာ ၀ယ်ရောင်းများ ကျဆင်းပြီး ပြီးခဲ့သည့် ဇန်န၀ါရီထက် ကျပ်သန်း၅၀၀ ကျော် စတော့ရှယ်ယာဝယ်ရောင်းလျော့နည်းခဲ့သည်။
၂၀၁၇ သြဂုတ်တွင်ရန်ကုန် စတော့အိတ်ချိန်း၌ ရှယ်ယာဝယ် ရောင်းသည် ကျပ် ၂ ဒသမ ၂ ဘီလီယံဝယ်ရောင်းဖြစ်ခဲ့ပြီး ထိုမှဆက် တိုက်ကျဆင်းလာသည်။ ၂၀၁၇ ဒီဇင်ဘာတွင် ကျပ်သန်း ၈၅၀ အ၀ယ်အရောင်းဖြစ်ခဲ့ပြီး ၂၀၁၈တွင် ကျပ် ၁ ဒသမ ၂ သန်း ၀ယ်ရောင်းဖြစ်ခဲ့၍ အနည်းငယ်မြင့် တက်လာသည်။ သို့သော် ဖေဖော်ဝါရီတွင် ပြန်လည်ကျဆင်းခဲ့ သည်။
‘‘ရှယ်ယာထက် ဘဏ်တိုးက ပိုသေချာတယ်ဆိုတဲ့အတွက် ဘဏ်အပ်ငွေကို လုပ်နေကြတယ်။ နောက်ပြီး ကုမ္ပဏီတွေက အ မြတ်ပေးတာလည်း ဘဏ်တိုး လောက်တောင် အမြတ်အစွန်း မသေချာတော့ စတော့ရှယ်ယာ ကို စိတ်မ၀င်စားကြတာ’’ဟု စတော့ရှယ်ယာပိုင်ရှင် ဦးသက်လွင်က ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ပထမဦးဆုံး စာရင်းဝင် သည့် FMI ကုမ္ပဏီသည် ၂၀၁၇ ဇန်န၀ါရီ ၂ ရက်၌ ရှယ်ယာတစ်စု ကျပ် ၁၄,၀၀၀ ပေါက်ဈေးရှိ သော်လည်း ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၁,၅၀၀ သာ ပေါက်ဈေးရှိခဲ့ သည်။
သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ(MTSH)သည်ယင်းကာလအတွင်း ရှယ် ယာတစ်စုပေါက်ဈေးကျပ် ၄,၅၀၀ မှ ၂,၉၀၀ အထိ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ်သည် ရှယ်ယာတစ်စုပေါက်ဈေး ကျပ် ၉,၆၀၀ မှ ၇,၉၀၀ အထိကျဆင်းခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်း သို့ TMH ကုမ္ပဏီ စတင်ဝင် ရောက်ခဲ့သည့် ဇန်န၀ါရီ ၂၆ ရက်တွင် ကျပ် ၃,၀၀၀ ပေါက် ဈေးရှိသော်လည်း ဖေဖော်ဝါရီ ၂၈ ရက်၌ ကျပ် ၂,၉၀၀ သာ ပေါက်ဈေးရှိခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း သည် ၂၀၁၆ အတွင်း ကျပ်ဘီလီ ယံ ၇၀ ကျော် ရှယ်ယာအရောင်း အ၀ယ်ဖြစ်ခဲ့ပြီး ၂၀၁၇ အတွင်း စတော့ရှယ်ယာကျပ် ၂၂ ဘီလီယံ ကျော်ဖိုး ရောင်းဝယ်ခဲ့သည်။ ၂၀၁၇ သည် ၂၀၁၆ နှင့် နှိုင်းယှဉ် လျှင် သုံးဆကျော် လျော့နည်း ကြောင်း ရန်ကုန်စတော့အိတ်ချိန်း က ထုတ်ပြန်ထားသည်။
Credit: 7Daydaily