ဝတ်လစ်စလစ်ပန်းချီကားများ ရေးဆွဲခြင်းဖြင့် နာမည်ကျော်ခဲ့သည့် ကမ္ဘာကျော် ၁၆ရာစု ပန်းချီပညာရှင် ပီတာပေါလ်ရူဘန်စ် နောက်ဆုံးအချိန်အထိ နေထိုင်သွားခဲ့သော ရဲတိုက်ကြီး အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရဲတိုက်ကြီးမှာ ၁၄ ရာစုတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင်အောင် ကျုံးများ၊ ကျောက်တုံးတံတားများ ရှိနေဆဲဖြစ်သည်။
ပီတာပေါလ်ရူဘန်စ်သည် ဂျာမန်မျိုးနွှယ်စုတစ်ခုဖြစ်သော ဖလဲမစ်ရှ်မျိုးနွှယ်တစ်ဦးဖြစ်ပြီး ၁၅၇၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် မွေးဖွားကာ ၁၆၄၀ ပြည့်နှစ်၊ မေလ ၃၀ ရက်တွင် ကွယ်လွန်သည်။
ဖလဲမစ်ရှ် ဘာရုတ်ပန်းချီရေးဆွဲမှုဆိုင်ရာတွင် သြဇာအလွှမ်းဆုံးပညာရှင်တစ်ဦးအဖြစ် အများက သတ်မှတ်ထားကြသည်။
ဖလဲမစ်ရှ်သည် ဂျာမာန်မျိုးနွှယ်စုတစ်ခုဖြစ်ပြီး ဖလန်ဒါးစ် (မျက်မှောက်ခေတ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ) ဒေသသားများ ဖြစ်ကြသည်။
ဘယ်လ်ဂျီယမ်တွင် အဓိကမျိုးနွှယ်စု ၂ ခုရှိရာ ဖလဲမစ်ရှ်နှင့် ဝါလွန်းစ်တို့ဖြစ်ကြသည်။ဖလဲမစ်ရှ်သည် ဘယ်လ်ဂျီယမ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနီးပါး ရှိသည်။
ပီတာပေါလ်ရူဘန်းစ်ကို စပိန်ဘုရင် ဖိလစ် IV နှင့် အင်္ဂလန်ပြည့်ရှင် ချားလ်စ် I တို့က သူကောင်းပြုခဲ့ကြသည်။
ယခုရောင်းချမည့် ရဲတိုက်မှာ အဲလီဝစ်ဂ်ျဟု အမည်ရပြီး အဆိုပါရဲတိုက်ကြီးအတွင်း နေထိုင်စဉ် ရေးဆွဲခဲ့သည့် နာမည်ကျော် ပန်းချီလက်ရာများစွာအနက် “A View of Het Steen in the Early Morning” အမည်ရှိ ပန်းချီကားလည်း ပါဝင်လေသည်။
အဲလီဝစ်ဂ်ျရဲတိုက်ကြီးကို ရောင်းချမည့်ခေါ်ဈေးမှာ ယူရို ၄ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၉၃ သန်း) ဖြစ်သည်။
ရဲတိုက်ဝန်းကြီးအတွင်း နှစ်ပေါင်း ၇၀၀ သက်တမ်းရှိ ကြီးမားသောကျောက်တုံးအိမ်တစ်လုံးလည်း ပါဝင်သည်။
ယင်းရဲတိုက်ကြီးကို ရူဘန်းစ်အပြင် ၁၈ ရာစုအတွင်း ပိုင်ရှင် ၃ ဦး လက်ဆင့်ကမ်းပိုင်ဆိုင်ခဲ့ကြပြီး ယခုဈေးကွက်တင်လာသည့် ကုမ္ပဏီမှာ Engel & Volkers ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)