ဗင်နီဇွဲလားသည် မိန်းမလှများ ပေါများသည့်နိုင်ငံအဖြစ် ကမ္ဘာကျော်၏။
ယခုအခါ မယ်စကြာဝဠာဆုရှင်ဟောင်း ဗင်နီဇွဲလားအလှမယ်၊ သမ္မတလောင်းအဖြစ်ယှဉ်ပြိုင်ခဲ့သူက အမေရိကန်ပြည်ထောင်စု၊ မီယာမီကမ်းခြေရှိ ကမ်းခြေနေအိမ်ကြီးကို အရောင်းဈေးကွက်တင်လာသည်။
မယ်စကြာဝဠာဆုရှင်ဟောင်း အိုင်းရင်း ဆီးဇ်က အဆိုပါနေအိမ်ကို ပြီးခဲ့သည့်နှစ်က ခေါ်ခဲ့သည့်ဈေးနှုန်း ကန်ဒေါ်လာ ၁၆ ဒသမ ၉ သန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် ဈေးလျှော့ပေးလိုက်ကာ ဈေးကွက်ပြန်တင်လာခြင်း ဖြစ်သည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီကမ်းခြေအနီးရှိ ကိုရယ်လ် ဂါဘယ်မြို့ကလေးတွင် ဖြစ်ပြီး ကမ်းခြေနေအိမ်တစ်လုံးဖြစ်သည်။
မစ္စက် အိုင်းရင်း ဆီးဇ်သည် ၁၉၈၁ ခုနှစ်တွင် မယ်စကြာဝဠာဆုရရှိခဲ့ကာ ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ချာကောက်မြို့တော်ဝန်၊ ၁၉၉၈ ခုနှစ်တွင် ဗင်နီဇွဲလားသမ္မတလောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ နျူဗာ အက်စ်ပါတာပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၁၄၉၄ ရှိပြီး ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁၆ ဒသမ ၉ သန်းဈေးခေါ်ခဲ့သော်လည်း ရောင်းမထွက်ခဲ့သောကြောင့် ယခုအခါ ကန်ဒေါ်လာ ၁၅ ဒသမ ၄၉၅ သန်းသို့ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်မှာ မျက်မှောက်ကာလ မီယာမီ၏တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ဈေးကွက် အခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်ကြောင်း ဈေးကွက်တင်သည့် Sotheby’s International Realty မှ အကျိုးဆောင်တစ်ဦးဖြစ်သူ ဒင်းနစ် ကာဗာဂျာလ်က ပြောကြားသည်။
ဥရောပဗိသုကာဟန်ဖြင့် ၂၀၀၉ ခုနှစ်ကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိပိုင်ရှင်များမှ အသစ်အတိုင်းဖြစ်နေစေရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။
မစ္စက် အိုင်းရင်းနှင့် ခင်ပွန်းဖြစ်သူ စပိန်ဖွား၊ ဗင်နီဇွဲလားစီးပွားရေးလုပ်ငန်းရှင် ဆီရာဖင်း ဂါစီယာတို့သည် ၂၀၀၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ဂိတ်ဝန်းတံခါးဖြင့် ထားရှိသည့် အိမ်ရာဝန်းတစ်ခုအတွင်းတည်ရှိပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ formal ဆောက်လုပ်ထားသည့် ညစာစားခန်းနှင့် ဧည့်ခန်းများ၊ အဆင့်မြင့်မီးဖိုဆောင်၊ အရက်ဘားပါဝင်သည့် မိသားစုနားနေခန်း၊ စာကြည့်တိုက်တို့ ပါဝင်သည်။
စကျင်ကျောက်နှင့် သစ်ကြမ်းခင်းများ ခင်းကျင်းထားပြီး ရေပူရေစိမ်ကန်ပါသည့် ရေကူးကန်တစ်ခု ပါဝင်သည်။
ပင်လယ်ကမ်းခြေမျက်နှာစာဖွင့် ပေ ၁၄၀ ကျော်ရှိပြီး ဘစ်စ်ကေနီပင်လယ်ကွေ့သို့ တိုက်ရိုက်ပေါက်သည်။
ခြံဝန်းအတွင်း မြေယာအလှဆင်မှု လှပစွာပြုလုပ်ထားပြီး နွေရာသီမီးဖိုဆောင်၊ လသာဆောင်များ၊ Crestron home automation system ၊ အိမ်တွင်းအိမ်ပြင် surround sound အသံစနစ်၊ ဓာတ်လှေကားတစ်ခု၊ လေအေးပေးစက်တပ်ဆင်ထားသော ကား ၄ စင်းဆန့် ဂိုဒေါင်တစ်လုံး ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)