ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စင်္ကာပူအခြေစိုက် developer က အထပ် ၃၀ ကွန်ဒိုဆောက်မည်နှင့် စပ်လျဉ်း၍ ထိုင်းဆောက်လုပ်ရေး စည်းမျဉ်းများနှင့် မကိုက်ညီဆိုကာ ဒေသခံများက ဘန်ကောက်ရှိ စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြကြောင်း ထိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒေသခံများက ယခုအကြောင်းရပ်ကို ကူညီဖြေရှင်းပေးပါရန် စင်္ကာပူသံရုံးကို ပေးစာတစ်စောင်လည်း ပေးပို့ခဲ့ကြပြီးဖြစ်သည်ဟု ဆိုသည်။
စင်္ကာပူအခြေစိုက် developer ဖြစ်သော Keppel Land က ဆောက်လုပ်မည့် သုခွန်ဝစ် ဆွိုင် -၂၈ အရပ်ရှိ K 5 ကွန်ဒိုမီနီယံစီမံကိန်းကို ဒီဇိုင်းပြောင်းလဲမှုများ ပြုလုပ်ပေးကာ ထိုင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အဆောက်အအုံအက်ဥပဒေနှင့်အညီဖြစ်စေရန် ဒေသခံများက တောင်းဆိုကြခြင်း ဖြစ်သည်။
“ကုမ္ပဏီဘက်က သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာ စစ်ဆေးချက် (EIA) တွေ စတင်ပြုလုပ်တဲ့အချိန်ကစပြီး ကျွန်တော်တို့ဘက်က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် ဒီဇိုင်းမျိုး ပြောင်းလဲပေးဖို့ ၄ ကြိမ်တိုင် တောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။ ဆွိုင် ၂၈ နဲ့ ဆွိုင် ၃၀ မှာ ရှိတဲ့ စီမံကိန်းတွေပါ” ဟု ဒေသခံများ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မာနစ် သီရိဝနစ်ခ်ျဘွမ်က ပြောကြားသည်။
“စီမံကိန်းရဲ့ ဒီဇိုင်းဟာ တိုင်းပြည်ရဲ့ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးအက်ဥပဒေတွေနဲ့ မကိုက်ညီဘူးဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါပေမယ့် ကုမ္ပဏီက စီမံကိန်းကို ဒီဇိုင်းပြန်မဆွဲဘဲ ဆက်လက်အကောင်အထည်ဖော်နေခဲ့တယ်။ ဒါကြောင့် စင်္ကာပူသံရုံးကို ဆက်သွယ်ပြီး စင်္ကာပူအစိုးရကို တောင်းဆိုခဲ့တာပါ။ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ဖို့ တောင်းဆိုခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Keppel Land က စီစဉ်ထားသည့် ဆွိုင် ၂၈ နှင့် ဆွိုင် ၃၀ အရပ်တို့ရှိ စီမံကိန်းများမှာ ဇိမ်ခံလူနေကွန်ဒိုများ ဖြစ်ကြပြီး တန်ကြေးအားဖြင့် ဘတ်ငွေ ၂ ဒသမ ၂ ဘီလီယံခန့်ရှိသည်ဟု ဆိုသည်။
အဆိုပါစီမံကိန်းကို Keppel Land က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး KPN Land Co Ltd က ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှုခွဲဝေထားကာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက စတင်စီစဉ်နေခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၁၈ ခုနှစ် တတိယ ၃ လပတ်ကာလအတွင်း စီမံကိန်း ၂ ခုလုံးကို စတင်ဆောက်လုပ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
ဆွိုင် ၂၈ အရပ်ရှိ စီမံကိန်းမှာ စတုရန်းမီတာ ၃၂၀၀ အကျယ်အဝန်းရှိပြီး အခြားစီမံကိန်းမှာ စတုရန်းမီတာ ၁၆၀၀ အကျယ်အဝန်းရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)