အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့လယ်တွင် Metropolis အမည်ရှိ လူနေမြို့တော်တစ်ခု တည်ရှိသည်။
မိုးမျှော်တိုက်ကြီးများ၊ အထပ်မြင့်များတွင် တည်ဆောက်မွမ်းမံထားသည့် ကောင်းကင်ပန်းဥယျာဉ်များ၊ ရေကူးကန်များ၊ ထိပ်တန်းဟိုတယ်များ ပါဝင်ကာ မြို့ကြီးတစ်ခုအတွင်းမှ မြို့ငယ်တစ်ခုလည်း ဖြစ်လေသည်။
စတင်ရောင်းချခဲ့စဉ်က တစ်ခန်းလျှင် ကန်ဒေါ်လာ ၆ သိန်းမှ ၂ သန်းကျော်အထိ ပေါက်ဈေးရှိခဲ့သည်။
မိုးမျှော်တိုက် ၃ ခုပါဝင်ပြီး တာဝါ-၁၊ တာဝါ-၂ နှင့် တာဝါ-၃ ဟု အမည်ပေးထားသည်။
ယခုအခါ တရုတ်ပြည်မကြီးအခြေစိုက် Greenland ကုမ္ပဏီက တာဝါ-၃ ကို ရောင်းထုတ်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။
Greenland ကုမ္ပဏီကို ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် အခြေစိုက်ခဲ့သည်။
အိမ်ခြံမြေ developer ကုမ္ပဏီဖြစ်ပြီး စတင်တည်ထောင်ခဲ့စဉ်က နိုင်ငံပိုင်လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
Greenland သည် လွန်ခဲ့သော ၄ နှစ်ခန့်က လော့စ်အိန်ဂျလိမြို့လယ်ရှိ ယခု Metropolis မြို့တော်မြေနေရာကို ကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ပြည်တွင် ပထမဆုံးစတင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
တာဝါ-၃ မိုးမျှော်တိုက်ကြီးတွင် အထပ်ပေါင်း ၅၆ ထပ်ရှိပြီး အခန်းပေါင်း ၇၃၆ ခန်း ပါဝင်ကာ Metropolis မြို့တော်တွင်ရှိသော စုစုပေါင်း လူနေခန်း၏ ထက်ဝက်နီးပါး ပမာဏဖြစ်သည်။
ခေါ်ဈေးကို တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသော်လည်း ယခုအရောင်းအဝယ်နှင့် ထဲထဲဝင်ဝင်ရှိသူတစ်ဦး၏ ပြောကြားချက်အရ Greenland က တာဝါ-၃ အတွက် ကန်ဒေါ်လာ သန်း ၄၅၀ မျှော်လင့်ထားသည်ဟု ဆိုသည်။
Greenland သည် တရုတ်ပြည်တွင် ရောင်းအားအရ ဆဌမမြောက် အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်ပြီး အမေရိကန်ရှိ အရှေ့ဘက်နှင့် အနောက်ဘက် ကမ်းရိုးတန်းဒေသများတွင် ကန်ဒေါ်လာ ၈ ဘီလီယံဖိုးခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက်ပိုင်း ဘဏ္ဍာရေးအကျပ်အတည်းကြုံလာကာ ယခုကဲ့သို့ ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။
ယင်းစီမံကိန်းနှင့် ပတ်သက်၍ သီးသန့်ဝက်ဘ်ဆိုက်တစ်ခုလွှင့်တင်ထားရာ http://metropolislosangeles.com/ တွင်ဝင်ရောက်ကြည့်ရှု
နိုင်ပါသည်။
Greenland သည် တာဝါ-၃ ကို CBRE Group ကုမ္ပဏီမှတစ်ဆင့် ရောင်းချလာခြင်းဖြစ်ပြီး ဆောက်လုပ်ဆဲအခြေအနေဖြင့် ဈေးကွက်တင်လာခြင်းဖြစ်ကာ ယခုစီမံကိန်းတွင် အမြင့်မားဆုံးနှင့် နောက်ဆုံးဆောက်လုပ်လျက်ရှိသော အဆောက်အအုံကြီးလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)