ဒလတံတားတည်ဆောက်ရေးအတွက် ကျူးကျော်နေရာများအား ဖယ်ရှားရှင်းလင်း မှုများပြုလုပ်ကာ စီမံကိန်းစတင်ရန်အစပျိုးနေပြီဖြစ်သော်လည်း အရောင်းအ၀ယ် ဈေးကွက်အခြေအနေမှာ သိသာစွာထူးခြားလာမှုမရှိကြောင်း ဒလမြို့နယ်အခြေစိုက် အိမ် ခြံ မြေ အကျိုးဆောင်များထံမှ သိရှိရသည်။
ဒလမြို့နယ်ရှိ တံတားစီမံကိန်း ဧရိယာနှင့် နီးစပ်သောနေရာများ၏ ဈေးနှုန်းများမှာ သိန်းငါးရာပတ်ဝန်းကျင်မှ သိန်းလေးထောင်ဝန်းကျင်အထိ ဈေးနှုန်းသတ်မှတ်မှုများရှိနေသော်လည်း အရောင်းအ၀ယ် အေးနေကာ ၊ အငှားဈေးကွက်မှာလည်း ကြီးကြီးမားမားဖြစ်ထွန်းမှုမရှိကြောင်းသိရှိရသည်။ ယင်းနေရာသည် ၂၀၁၅ ခုနှစ်ဝန်းကျင်တွင် အရောင်းအ၀ယ်အသွက်ဆုံးစီမံကိန်းနေရာတစ်ခုဖြစ်ခဲ့သည်။
လက်ရှိတွင်စီမံကိန်းစတင်ရန်အတွက် တံတားစီမံကိန်းနေရာဖြစ်သည့် ဗိုလ်မင်းရောင်လမ်းနှင့် ရာဇသင်္ကြံလမ်း (ကမ်းနားလမ်း) တစ်လျောက် မြစ်ကိုကျောပေး၍ ဆောက်ထားသည့် ကျူးကျော်တဲနှင့် ဈေးဆိုင်များကိုရွေ့ပြောင်းမှုများလုပ်ဆောင်လျက်ရှိကြောင်းလည်းသိရသည်။ လက်ရှိ အချိန်တွင်ကျူးကျော်များကို အမျိုးအစား ငါးမျိုးခွဲ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဂရုဏာကြေးပေး၍ ဖယ်ရှားနေကြောင်းလည်း သိရသည်။
အဆိုပါ တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေဖြင့် တည်ဆောက်မှာဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း| ရန်ကုန်-ဒလ မြစ်ကူးတံတားသည် သံမဏိ ကြိုးဆိုင်းတံတားဖြစ်ပြီး ပင်မတံတားအရှည် ၁၉၃၆ ပေးရှည်ပြီး ရေလမ်းကင်းလွှတ်အမြင့် ၄၉ မီတာမြင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com