ဆောက်လုပ်ရေးကဏ္ဍတွင် ကြုံတွေ့နေရသော အခက် အခဲများဖြေရှင်းရေးနှင့် လုပ်ငန်းများရေရှည် တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်းပံ့ပိုးပေးနိုင်ပါရန် တင်ပြခြင်းအခမ်း အနားနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ စာမျက်နှာ(၁၆) အပိုဒ် ၂၅ တွင် ဖော်ပြထား သောအချက်များ (ပထမ(၆)လ ၀င်ငွေခွန် ၃ ရာခိုင်နှုန်း၊ ဒုတိယ(၆)လ ၀င်ငွေခွန် ၅ ရာခိုင်နှုန်း)သည် တိုင်းပြည်စီးပွား ရေးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေသဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းနှင့် ဆောလျင်စွာ အတည်ပြု ကြေငြာပေးနိုင်ရေး ထောက်ခံပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းရှိ Myanmar Convention Center- MCC တွင် ယခုလ(၁၇)ရက်နေ့တွင် ကျင်းပခဲ့ကာ ယင်းအခမ်းအနားတွင် ပါဝင်ဆွေးနွေးသူများ၏ ဆွေးနွေးမှု ကောက်နှုတ်ချက်များကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မဂ္ဂဇင်း ပရိသတ်များ သိရှိလေ့လာနိုင်စေရန် ဖော်ပြလိုက်ပါသည်။
ဦးဖြိုးမင်းသိန်း(၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)
ကျွန်တော်တို့ အစိုးရအသစ် တာဝန်ယူတဲ့အချိန်မှာ ခြောက်လလောက်အတွင်းမှာပဲ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်တော့မလိုလို အော်နေတဲ့အခြေအနေမှာ ကျွန်တော်တို့ ရန်ကုန်တိုင်းက အမုန်းခံပြီး အိမ်၊ ခြံ၊ မြေ ဘရိတ်ကို ကျွန်တော် တို့ နင်းခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆို စီးပွားရေး တက်နေ တာကို ရပ်အောင် လုပ်တာမဟုတ်ပါဘူး။ အရှိန်ကို ထိန်းနေ တာ ဖြစ်ပါတယ်။ ဒီပြောင်းလဲနေတဲ့ အခြေအနေပေါ်မှာ အခု ကျွန်တော်တို့ အခွန်နဲ့ပတ်သက်တဲ့ အခြေအနေ ဒီ (၆) ချက်ထဲ မှာ ပါပါတယ်။ အခွန်နဲ့ပတ်သက်တဲ့ အခြေအနေဟာ သက်ရောက် မှုတွေ အများကြီး အိမ်၊ ခြံ၊ မြေလောကထဲမှာ ပေါ်လာမှာဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ ဆောက်လုပ်ရေး ကဏ္ဍရဲ့ နယ်ပယ်ကို အဆောလျင်ဆုံး အခြေအနေကတော့ ဆောက် လုပ်ရေးနဲ့ ဘဏ်စနစ်ဟာ ချိတ်တွဲထားတာ ဖြစ်ပါတယ်။ ဆောက် လုပ်ရေးလုပ်ငန်းရှင် တော်တော်များများဟာ လုပ်ငန်း ပရော ဂျက်တွေပေါ်ကနေ မူတည်ပြီး ဘဏ်တွေနဲ့ ချိတ်တွဲ ဆောင် ရွက်နေရတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး ကဏ္ဍ နယ်ပယ် တစ်ခုခု တိမ်းချော်သွားရင် ဘဏ်တွေ ရိုက်ခတ်နိုင်ပါတယ်။ ဘဏ်တွေမှာ ကမောက်ကမမှုတွေလည်း ပေါ်နိုင်ပါတယ်။ ဘဏ်တွေမှာ ပေါ်ပေါက်လာတဲ့ ဂယက်တွေကို ကြည့်မယ်ဆို ရင် အဓိက ပေါ်ပေါက်တတ်တဲ့ ပြဿနာကတော့ အိမ်ခြံမြေ ကနေ ရိုက်ခတ်လာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ ဘဏ်စနစ်တွေကို ဖြတ်သန်းခဲ့မှုနဲ့ အခြေအနေကို ပြန် ကြည့်မယ်ဆိုရင် ဒီအခြေအနေတွေကို မြင်တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာ ကျွန်တော်ဟာ ငွေရေး ကြေး ရေးအဖွဲ့အစည်းများ ဆိုင်ရာ ဥပဒေ ရေးဆွဲတဲ့အထဲမှာ ပါဝင် ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငွေရေးကြေး ရေး အဖွဲ့အစည်းတွေ တစ်စုံတစ်ခု တိမ်းချော်မှု ဖြစ်လာရင် ဒီ
Risk ကို ထိန်းချုပ်ဖို့ ဥပဒေထဲမှာ ထည့်သွင်းထားတဲ့ အခြေအနေတွေ များစွာရှိပါတယ်။
အဲဒီအချိန်တွေအတွက် အခု ပြောင်းလဲလိုက်တဲ့ ပြည်ထောင်စု အစိုးရရဲ့ မူဝါဒအသစ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွား ရေး အပြောင်းအလဲနဲ့ အိမ်ခြံမြေ အပြောင်းအလဲ ကဏ္ဍနဲ့ ဆောက်လုပ်ရေး ကဏ္ဍအတွက် အလားအလာကောင်းတယ် လို့ ပြောနိုင်ပါတယ်။ ဒီဥပဒေဟာ ဥပဒေကြမ်း ဖြစ်နေသေး တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တိုက်တွန်းခဲ့သလို အစိုးရရဲ့ ကုသမယ့် ကုထုံးကို ပြည်ထောင်စု လွှတ်တော်ဘက်က အင်တိုက် အားတိုက်နဲ့ မြန်မြန် ဆောင်ရွက်ပေးလိုက်မယ်ဆိုရင် ဧပြီ ၁ ရက်မှာ ဒီဥပဒေကို စသွားနိုင်ပြီ။ ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမှာ လုပ်ငန်းတွေ လက်မလည်အောင် ရလာနိုင်ပါတယ်။
အိမ်ခြံမြေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက မိုးပျံပူဖောင်း တက်သလိုမဟုတ်ဘဲ စနစ်တကျတစ်ဆင့်ခြင်း ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းပေါ်ကို မကြာမီ မြင်တွေ့ရပါလိမ့်မယ်။
ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်း (မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်)
ကျွန်တော်တို့ဟာ နဂိုကတည်းက အားတင်းထားခဲ့ တာပါ။ ငါတို့ပြည်သူ့အစိုးရတက်လာရင် အလုပ်တွေများများ လုပ်ကြမယ်ဆိုပြီး လုပ်ငန်းရှင်တွေက စိတ်အားတင်းပြီး ပြင် ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကံတရားက ကျွန်တော်တို့ဖက် မပါလာပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်၊ အခက်အခဲအမျိုး မျိုးတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ၂၀၁၅ခုနှစ် ကနေ ၂ နှစ်ခွဲကျော်ကာလအတွင်း တဖြည်းဖြည်းကျဆင်းလာပါ တယ်။ လုပ်ငန်းရှင်တွေအားလုံးဟာလည်း ဘဏ်တိုးတွေ၊ လုပ် သားစရိတ်တွေ၊ လုပ်ငန်းစရိတ်တွေ အကုန်အကျခံပြီး ပေးဆပ် နေကြရတာကို စိတ်မကောင်းစွာတွေ့ရှိရပါတယ်။အင်အား အကြီးအသေးပေါ်မူတည်ပြီး အချို့ဆို လုပ်ငန်းတွေ လျှော့ချ လိုက်ပါပြီ။ အချို့ဆိုလည်းရပ်ဖို့ ပြင်ဆင်နေကြပါပြီ။တစ်ချို့ဆို ရင်လည်း ရပ်သွားကြပါပြီ။
ဒါကြောင့် လုပ်ငန်းရှင်တွေအားလုံး၊ အဖွဲ့အစည်းတွေ အားလုံးတွေ့ပြီးတော့ တိုင်ပင်ပြီး နိုင်ငံတော်က ပံ့ပိုးနိုင်မယ့် အချက် ၆ ချက်ကို အဖြေထုတ်ခဲ့ကြပါတယ်။ ဒါကြောင့်ဒီအချက် ၆ ချက်ကိုလည်း နိုင်ငံတော်က သင့်တော်တဲ့အချိန်မှာ ကူညီဖြေ ရှင်းပေးဖို့ကို တင်ပြတောင်းဆိုတာပါ။ အခွန်အကောက်ဥပဒေ ကြမ်းကို ထောက်ခံပါတယ်။ ဒီဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာနကို လည်း လုပ်ငန်းရှင်များအားလုံးကိုယ်စား ဒီနေရာကနေ အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ တဆက်တည်းမှာပဲ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေကလည်း ဒီဥပဒေ ကြမ်းကို အတည်ပြုပေးနိုင်ဖို့ လုပ်ငန်းရှင်များကိုယ်စား မေတ္တာ ရပ်ခံအပ်ပါတယ်။
အောက်ခြေလူတန်းစားမှ ပြည်သူမဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ငန်းရှင်တွေကလည်း ပြည်သူထဲက ပြည်သူ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို အလုပ် ပေးနိုင်တဲ့အတွက် အထူးပြု ပြည်သူပဲ ဖြစ်ပါတယ်။ နောက် အခွန်ပါနိုင်ငံ့အတွက် ထမ်းဆောင်ပေးနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေဟာ အထူး အထူးပြု ပြည်သူတွေလည်းဖြစ်တဲ့ အတွက် အစိုးရကနေ ကူညီစောင့်ရှောက်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ကို စောင့်ရှောက်ပေးတာဟာ ပြည်သူတွေကို စောင့် ရှောက်ပေးတာပဲ ဖြစ်ပါတယ်။
ပြည့်အင်အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ကျွန်တော် တို့ လုပ်ငန်းရှင်တွေဟာ နာဂစ်တုန်းကလည်း ဘယ်သူမှ တိုက် တွန်းတာ မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် တာဝန်ယူခဲ့ ကြပါတယ်။ ရေဘေးဆိုလည်း ဒီလိုပါပဲ ကိုယ့်အသိနဲ့ ကိုယ်တိုင်း ပြည်ကို အလုပ်အကျွေးပြုခဲ့တာပါ။ ကျွန်တော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ပိုကြီးထွားချမ်းသာအောင် လုပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါမှ နိုင်ငံခြားက၀င်လာမယ့် လုပ်ငန်း ရှင်တွေရဲ့ အလုပ်သမား မဖြစ်မှာပါ။ ကျွန်တော်တို့ မပြင်ဆင် ထားရင်၊ မကြီးထွားရင် နိုင်ငံခြားသားလုပ်ငန်းရှင်တွေရဲ့ ၀ါးမျို မှုကို ခံရပါလိမ့်မယ်။
နောက်တစ်ခုက မြေကိုတန်ဖိုးရှိအောင် လုပ်ဖို့လိုပါ တယ်၊ ဆင်းရဲတဲ့နိုင်ငံမှာ မြေဟာ အရင်းအနှီးဖြစ်ပါတယ်။ မြေကို တန်ဖိုးရှိရှိ လုပ်ဆောင်နိုင်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးဖြစ်ပါတယ်။ မြို့မြေကို တန်ဖိုးလျှော့လို့မရပါဘူး၊ လျှော့လိုက်ရင် နိုင်ငံခြားသားအကြိုက် ဖြစ်သွားပါလိမ့်မယ်။
ဒီထက် နိုင်ငံခြားဝင်ငွေပိုရနိုင်ဖို့အတွက်လည်း ကွန်ဒို တွေ၊ ဇိမ်ခံအဆောက်အအုံတွေ များများဆောက်ဖို့ လိုပါတယ်။
ဦးကျော်ဝင်း (ဥက္ကဋ္ဌ-မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း)
မြန်မာနိုင်ငံမှာ လုပ်ငန်းရှင် နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုကတော့ Developer နဲ့ တစ်ခုက ကန်ထရိုက်တာတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အသင်းဝင် ကုမ်္ပဏီရဲ့ လုပ်ဖော်ကိုင် ဖက်လုပ်ငန်းတွေ၊ သက်ဆိုင်ရာ ၀န်ထမ်းမိသားစု သန်းနဲ့ ချီပြီး တော့ရှိနေပါတယ်။ အခု မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေးကဏ္ဍ မှာ အရောင်းအ၀ယ်တွေ ရပ်သလောက် ဖြစ်နေပါပြီ။ တော် တော်များများကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒီနေ့မှာ ၀န်ကြီးချုပ်ကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကျန်တဲ့အဖွဲ့တွေ အားလုံးဒီမှာ တက်ရောက်လာပြီးတော့ အခက် အခဲတွေကို ဖြေရှင်းပေးမယ်ဆိုတော့ အင်မတန်ဝမ်းသာပါတယ်။
သို့သော်လည်းပဲ ဒီအခက်အခဲတွေကို ဖြေရှင်းတဲ့ နေရာမှာ ခုန ၀န်ကြီးချုပ်ကြီး အမိန့်ရှိခဲ့သလိုပဲ ယခင်ကလုပ် ခဲ့တဲ့ စနစ်ကြောင့် လူပေါ်မှာမူတည်ပြီး ဆောင်ရွက်နေခဲ့တာ ကြောင့် အခက်အခဲတွေ အများကြီးရှိပါတယ်။
ယနေ့ ကျွန်တော်တို့ရဲ့ အခက်အခဲကို ဖြေရှင်းပေးမယ် ကူညီပေးမယ်ဆိုတဲ့ ကိစ္စဟာ အင်မတန် ကြိုဆိုပါတယ်။ထောက်ခံပါတယ်။
Condominium Law ကို ပြဋ္ဌာန်းပြီးပါပြီ၊ နည်းဥပဒေ ကိုလည်း လက်မှတ်ထိုးပြီးသွားပါပြီ။ သို့သော် လက်တွေ့အကောင် အထည်ဖော်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ထို့အတူပဲ Apartment Law ကို လည်း မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့ ပူးပေါင်းပြီးတော့မှ လွှတ်တော်ကို တင်ပြဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ပေါင်းပြီး ဆောင် ရွက်နေတာရှိပါတယ်။ တကယ်တော့ ဒီApartment Law ဆို တာကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်တဲ့အတွက် မြန်မြန်လေးဖြစ် သွားအောင် ဆောင်ရွက်ဖို့ လိုပါတယ်။
အခက်အခဲတွေကို တောက်လျှောက် တင်ပြရမယ်ဆို ရင်တော့ မိုးလင်းတာတောင် ပြီးမှာ မဟုတ်ပါဘူး။
အခက်အခဲတွေတွေကို ကျွန်တော်တို့အသင်းတွေ လုပ်ငန်းရှင်တွေ စုပေါင်းပြီးတော့မှ ၀န်ကြီးချုပ်နဲ့ တာဝန်ရှိသူ တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ခွင့် တောင်းပြီးတော့မှ တစ်ချို့ကိစ္စလေးတွေကို အသေးစိတ် ဆွေး နွေးခွင့်၊ အကောင်အထည်ဖော်နိုင်ဖို့ စည်ပင်သာယာရေးဥပဒေ မပေါ် ခင် အစပျိုးပြီးအကောင်အထည်ဖော်ထားနိုင်ဖို့ ရန်ကုန်တိုင်း အစိုးရကို လာရောက်တင်ပြပါ့မယ်။ ထို့အတူနေပြည်တော် မှာလည်း တိုင်းအစိုးရ ဦးဆောင်မှုနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တွေကို ဆက်လက်တင်ပြသွားပါ့မယ်။
အခွန်ကိစ္စကိုလည်း ၃ ရာခိုင်နှုန်း ၊ ၅ ရာခိုင်နှုန်း လုပ်လိုက်တာလည်း အင်မတန် ကောင်းပါတယ်။ ဆောက်လုပ် ရေးလုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းကနေ တိုးတက်လာ မယ်လို့လည်း ယုံကြည်ပါတယ်။
လုပ်ငန်းရှင်တော်တော်များများမှာ ၁၀ ယောက်မှာ ၉ ယောက်လောက်က ဘဏ်ချေးငွေနဲ့ ကင်းကွာလို့မရပါဘူး။ ပရောဂျက်တွေ လုပ်တဲ့နေရာမှာလည်း လုပ်ငန်းရှင်က ၃၀ ရာခိုင်နှုန်းထည့်ပြီး ကျန်တာကို ဘဏ်ကချေးပြီးလုပ်ကြရတာ ဖြစ်ပါတယ်။ အခုဆိုရင် လုပ်ငန်းတွေ ရပ်နေတာဖြစ်တဲ့အတွက် စရိတ်စက တွေ ၊ ၀န်ထမ်းစရိတ်တွေ၊ အလုပ်သမားတွေအတွက် စားဝတ်နေရေးအတွက် ထောက်ပံ့နေရတာတွေ နောက်ဘဏ် တိုးပေးနေရတဲ့ ကိစ္စတွေရှိပါတယ်။
ဘဏ်တိုးနှုန်းက ကိုယ့်တိုင်းပြည်နဲ့ ကိုယ်ဆို မှန်ပါ တယ်။ သို့သော်လည်းပဲ အခုလို အခက်အခဲဖြစ်နေချိန်မှာ ဘဏ် တိုးနှုန်းကိုလည်း နည်းနည်းပြန်လည် ကြည့်ပေးဖို့အတွက်လည်း လုပ်ငန်းရှင်တွေကိုယ်စား ကျွန်တော်ဒီကနေ တောင်းဆိုလိုပါ တယ်။
ဝန်ကြီးချုပ်ကြီးနဲ့ အစိုးရအဖွဲ့ကနေ လက်တွေ့ကျ ကျလေး စာရွက်စာတမ်းတွေထဲတင်မဟုတ်ပဲ လေထဲကစကား လေထဲမှာ မပျောက်သွားအောင် တကယ်ကိုကူညီပေးပါလို့ ဒီ နေရာကနေ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။
ဦးမောင်ဝိတ် (ဆောက်လုပ်ရေးလုပ်ငန်းရှင်)
ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံ ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် မောင်ဝိတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးကဏ္ဍကြီးဟာ အခက်အခဲ အကျပ်အတည်းတွေ ကြုံတွေ့နေရပြီး လုပ်ငန်းများရပ်ဆိုင်းလုနီးပါးအခြေအနေဖြစ်လို့ ဆောက်လုပ်ရေးဆိုင်ရာနဲ့ စီးပွားရေးကဏ္ဍအသီးသီးမှ ညီအကိုမောင်နှမများ မိတ်ဆွေများ တိုင်ပင်ဆွေးနွေးပြီး နိုင်ငံတော်မှ ကူညီပေးဖို့ ကျွန်တော်တို့ ယနေ့ကြိုးစားကြခြင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဘယ် လိုလည်ပတ်နေတာရယ်၊ ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းမသွားပဲ ရေရှည် တိုးတက် ဖို့ နိုင်ငံတော်မှ မည်သည့်အချက်များ ကူညီပေးရမလဲ ဆိုတာ ရယ်ကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောက် လုပ်ရေးကဏ္ဍကြီး ဘယ်လိုလည်ပတ်နေသလဲဆိုရင် ဆောက် လုပ်ရေးလုပ်ငန်းတစ်ခု စတင်ဖို့ လေ့လာဆန်းစစ်ခြင်းနဲ့ ပုံစံဒီဇိုင်း ရေးဆွဲခြင်းတို့နဲ့ စတင်ပါတယ်။ အဲဒီနောက် ဆောက်လုပ်ဖို့ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ခွင့် ပြုချက်တွေ လျှောက်ထားရပါတယ်။ ဒီအချိန်ကစလို့ ဆောက် လုပ်မယ့်သူတွေက ငွေကြေးများစတင်ရင်းနှီးကြရပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်ကြီးများနှင့် ဒီဇိုင်းကုမ္ပဏီတွေအတွက် အလုပ်အကိုင်များနဲ့ ၀င်ငွေများစွာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆောက်လုပ်ဖို့ ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဆောက်လုပ်ရေးလုပ်သား များ၊ အင်ဂျင်နီယာများ၊ အုပ်ချုပ်မှုဆိုင်ရာဝန်ထမ်းများ၊ စစ်ဆေး ရေးပညာရှင် အစုအဖွဲ့များ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ စက်ယန္တရားတွေနဲ့ လုပ်ငန်းများစတင်ပါတယ်။
တည်ဆောက်ရေးစီမံကိန်းပြီးစီးနိုင်ဖို့ ရင်းနှီးငွေကို ကျွန်တော်တို့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု တစ်ပုံ၊အဆောက်အအုံ များ အခန်းများ ကြိုတင်ရောင်းချခြင်းမှ တစ်ပုံ ၊ ဘဏ်ချေးငွေ က တစ်ပုံ ဆိုပြီး အကြမ်းဖျင်း လျာထားဆောင်ရွက်ပါတယ်။
အရောင်းအ၀ယ်ကောင်းရင် ငွေတွေလည်ပတ်သွား ပြီး လုပ်ငန်းများချောမွေ့စေပေမယ့် အရောင်းအ၀ယ်မကောင်း ရင် ဘဏ်ချေးငွေနဲ့ ဆက်လက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဘဏ်မှာ အာမခံထားစရာပစ္စည်းမရှိလို့ပဲဖြစ်ဖြစ်၊ ဘဏ်ချေး ငွေ မရနိုင်တော့တဲ့ အခါမျိုးတွေမှာ ရှယ်ယာရှင် အသစ်တွေ ကို လိုက်လံ ရှာဖွေကြရပါတယ်။ဒါကတော့ လိုအပ်တဲ့ ငွေကြေး ကို ဖြည့်ဆည်းမှုအပိုင်းပါ။
ဆောက်လုပ်ရေးလုပ်ငန်းတွေကောင်းမွန်နေရင် အလုပ် အကိုင် အခွင့်အလမ်းများစွာ မြန်မာနိုင်ငံအနှံ့ ဖန်တီးပေးနိုင်သလို နိုင်ငံတော်နဲ့ ပြည်သူတွေကို မြို့ပြဖွံ့ဖြိုးမှုနဲ့ အခွန်ငွေများ ပြန် လည်ပေးအပ်နိုင်ပါတယ်။ မြို့တစ်မြို့ရဲ့ မြင်ကွင်းမှာရှိတဲ့ အဆောက်အအုံတွေကို ကြည့်လိုက်တာနဲ့ တိုးတက်တဲ့ နိုင်ငံနဲ့ မတိုးတက်တဲ့ နိုင်ငံဆိုပြီး လွယ်ကူစွာဖော်ပြပေးနိုင်တာ ဖြစ်လို့ တည်ဆောက်ရေးလုပ်ငန်းများဟာ တိုးတက်တဲ့ မြို့နိုင်ငံဖြစ်ဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။
ယနေ့မှာတော့ ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေရဲ့ မတည်ရင်းနှီးငွေတွေဟာ ဆောက်လက်စ အဆောက် အအုံတွေထဲမှာ ထည့်ဝင် ရင်းနှီးခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် ၀ယ်ယူရင်းနှီးမြှုပ်နှံ့မယ်သူတွေကတော့ အခြေအနေတွေကြောင့် စောင့်ကြည့်ပါဦးမယ်ဆိုတဲ့ သိမ်မွေ့တဲ့ စကားလုံးတွေ၊ အခွန်နှုန်း တွေမြင့်မားလို့ဆိုတဲ့ အချက်တွေကြောင့် အလုပ်မဖြစ်ဘူး ဖြစ်နေ ကြပါတယ်။ ရှယ်ယာရှင်အသစ်တွေ ခေါ်ဖို့လည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ ဘဏ်ကို အပြေး အလွှား ငွေချေးပြီး လုပ်ငန်းတွေ ဆက်ကြရပါတယ်။
ဘဏ်ချေး ငွေတွေနဲ့ လုပ်ဆောင်နေရင် တစ်ဖက်ကလည်း ရောင်းချနိုင်ဖို့ အားထုတ်ကြရပါတယ်။ ဒါပေမယ့်လည်း စောင့်ကြည့်ပါဦးမယ်၊ အခွန်နှုန်းမြင့်သေးတယ်ဆိုတဲ့ အချက်တွေကြောင့် ရောင်း မထွက်တဲ့အခါ ကျွန်တော်တို့ဟာ နောက်တစ်ကြိမ်ဘဏ်မှာငွေ ထပ်ချေးရပါတယ်။ နဂိုက အာမခံ လုံလောက်ရင်၊ လုပ်ငန်းတွေ ခိုင်မာရင် ငွေချေးပေးမယ်လို့ သဘောတူထားသော်လည်း ဗဟို ဘဏ်နဲ့ ဘဏ်တွေရဲ့ကြားမှာ ထွက်ပေါ်လာတဲ့ စည်းကမ်းများ ဟာ ကောင်းပင်မှန်သော်ငြား မူကြိုကလေးများကို အလေးမ ခိုင်းသကဲ့သို့ အချိန်အခါ မသင့်သေးတဲ့အတွက်ကြောင့် ဘဏ် တွေက ချေးငွေအသစ်တွေ မပေးနိုင်တော့တဲ့အပြင် ယခင် ချေး ပေးထားတဲ့ ငွေတွေကိုပင် အချိန်တိုတိုအတွင်းမှာ ပြန်ဆပ်ခိုင်း နေကြပြီ ဖြစ်ပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ အစိုးရဘဏ်တွေ က ချေးငွေရဖို့ဆိုတာလည်း ယနေ့အချိန်ထိ ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိနေသေးတာဖြစ်လို့ ကျွန်တော်တို့အားလုံး ဟာ ဘယ်လိုမှ ဆက်ရွှေ့လို့မရအောင် ပိတ်မိသွားခဲ့ပြီ ဖြစ်ပါ တယ်။ ကျွန်တော်တို့ လုပ်ငန်းတွေ ရပ်ဆိုင်းရတော့မယ့် အခြေ အနေကို တစ်ခါတည်း ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒီလို ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန် တာကြောင့် အရင်ဆုံးထိတာ ဆောက်လုပ်ရေးက အခြေခံ လုပ်သား၊ နောက် အင်ဂျင်နီယာ၊ အသိပညာရှင် အတတ်ပညာရှင် ဒီဇိုင်းကုမ္ပဏီတွေ တောက်လျှောက် ဆင့်ကဲ ရိုက်ခတ်မှုဒဏ် ကို ခံကြရပါတယ်။ ဒါပေမယ့် စားဝတ်နေရေးကျပ်တည်းသွား တဲ့ လုပ်ငန်းရှင်ကတော့ ရှားပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ ပါဝင်ပတ်သက်သူ များတာကြောင့် တစ်ခုဖြစ်လို့ရှိရင် ဆင့်ကဲရိုက်ခတ်မှုဖြစ်စဉ် များတာကြောင့် သက်ဆိုင်ရာအစိုးရများက ၀င်ရောက်ပါဝင်ကူညီ ပေးမှသာ ပြန်လည်ထူမတ်နိုင်တဲ့ သဘောမှာရှိပါတယ်။
၁၉၉၇ ခုနှစ်မှာ ထိုင်းက ဆောက်လုပ်ရေးလုပ်ငန်း တွေပြိုလဲခဲ့တဲ့ ဂယက်ဟာ ၁၉၉၈ ခုနှစ်မှာ မြန်မာ့ဆောက် လုပ်ရေးလုပ်ငန်းတွေအထိ ရိုက်ခတ်ခဲ့ပါတယ်။ ဆောက်လုပ် ရေးကဏ္ဍ ရပ်တန့်သွားရင် အခြားစီးပွားရေးကဏ္ဍများကိုပါ ကူးစက်ရိုက်ခတ်သွားတတ်တယ်ဆိုတာ ပညာရှင်များ ၊ အတွေ့ အကြုံရှိသူများ ကောင်းစွာ သဘောပေါက် နားလည်ပါတယ်။ ဒါကြောင့် ဒီအချက် (၆) ချက်ကို အရဲစွန့်ပြီး တင်ပြတာ ဖြစ် ပါတယ်။
ဦးစောလုထော် ( ဒုဥက္ကဋ္ဌ-Young Developer Association)
ဒီဘာဆယ်နဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေး လိုပါတယ်။ ဘာဆယ်ကို ၁၉၈၈ ခုနှစ်ကနေစပြီး Agreement လုပ်ပြီး ကမ္ဘာ့အချမ်းသာဆုံး G -10 ဆယ်နိုင်ငံနဲ့ ဒီဟာက Implementations လုပ်တာပါ။ ၁၉၉၂ ခုနှစ်မှ တကယ် အကောင်အထည် ဖော်နိုင်တာပါ။ တကယ်တမ်း ပြောကြကြေး ဆိုရင်လည်း ဘာဆယ်ကို ၁၉၇၄ ခုနှစ်မှာ စပြီး ဆွေးနွေးခဲ့ကြ တာပါ။ အဲဒီတော့ ဒီဟာကို ကြည့်ခြင်းအားဖြင့် ဒီမူဝါဒဟာ ကမ္ဘာ့အချမ်းသာဆုံး ဆယ်နိုင်ငံဆိုတဲ့ လူတွေမှာတောင် Implementations လုပ်ဖို့ အနှစ် ၂၀ နီးပါးကြာပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့လို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံမှာ တစ်နှစ်၊ နှစ်နှစ်လောက်ကလေးနဲ့ ဒီမူဝါဒက( Implementa-tions )လုပ်မယ်ဆိုရင် ကျွန်တော်တို့ Total Collapse ဖြစ်နိုင်ပါ တယ်။
ဦးကျော်သူမြင့်ဆွေ (ဆောက်လုပ်ရေး အင်ဂျင်နီယာ)
လက်ရှိကြုံနေတဲ့ အင်ဂျင်နီယာတွေရဲ့ အခက်အခဲ ကတော့ နိုင်ငံခြားမှာရတဲ့ လစာမျိုး မရရင်နေပါစေ၊ ၆၀ ရာခိုင် နှုန်းလောက်သာရရင် အမိမြေမှာပဲ မိမိတတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်ပြီး အကျိုးပြုချင်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကို ပြန်လာပြီး အလုပ်လုပ်ကြတာပါ။ ပြန်လာလုပ်ရတော့ တော် တော်ပျော်ပါတယ်။ ဒီအပျော်က လွန်ခဲ့တဲ့ တစ်နှစ်လောက် ကစပြီး မပျော်ရတော့ပါဘူး။ လုပ်ငန်းတွေရပ်တာကတစ်မျိုး ၊ နိုင်ငံခြားသားတွေလုပ်နေတဲ့ ဆောက်လုပ်ရေးတွေမှာလည်း အလုပ်မရတော့ အခက်အခဲတွေ ဖြစ်လာပါတယ်။ ကျွန်တော် တို့တောင် ဒီလိုအခက်အခဲတွေဖြစ်နေရင် ဆောက်လုပ်ရေး လုပ်ငန်းခွင်က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လုပ်သားကြီးတွေ ဆို ဘယ်လောက်အခက်အခဲ ဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကျွန်တော်ဆိုရင် လည်း မိသားစုနဲ့ အခက်အခဲ ဖြစ်နေလို့ မသွားချင်ပေမယ့်လည်း စင်ကာပူကို ဒီနှစ်လည် လောက်မှာ မသွားချင်ပဲ သွားရဦးမှာ ဖြစ်ပါတယ်။
ဒေါ်နန်းဆုရွှေစင် (မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း-ဒုဥက္ကဋ္ဌ)
အရေးကြီးတဲ့ အချက်တစ်ချက်ကို တင်ပြချင်ပါတယ်။ အခု လုပ်ငန်းရှင်အများစုဟာ အခု အစိုးရအပေါ်မှာ ယုံကြည်ချက်အပြည့် နဲ့ အားကြိုးမာန်တက် လုပ်ခဲ့ပေမယ့် အခက်အခဲ မျိုးစုံ ကြုံနေရပါတယ်။ အခုဆိုရင် တစ်ချို့ ပိုက်ဆံချမ်းသာတဲ့ သူဌေးကြီးတွေဆို ဘာမှမလုပ်ပဲ ငွေထုပ်ပိုက်ပြီး နောက်ဆုတ် နေတာတွေ့တော့ ကျွန်မတို့ တကယ်လုပ်နေတဲ့သူတွေအဖို့ အင်မတန် ခံရခက်စေပါတယ်။ ဒါကြောင့် အခုဒီပွဲမှာ ကျွန်မ တို့ တစ်တွေ စုပေါင်းတောင်းဆိုထား အချက်(၆) ချက်ကို လိုက်လျောပေးပါလို့ လေးလေးစားစား တင်ပြတောင်းဆိုအပ်ပါ တယ်။
ဦးဌေးလွင် ( ဆောက်လုပ်ရေးလုပ်သားခေါင်းဆောင် )
အလုပ်တွေရှားပါးလာလို့ ရွာပြန်တဲ့သူတွေ၊ ယိုးဒယား ကို အလုပ်သွားလုပ်တဲ့သူတွေပါရှိလာတယ်။ ရွာမှာလည်း အလုပ်မရှိလို့မပြန်နိုင်၊ ယိုးဒယားလည်းမသွားနိုင်၊ အခြားအလုပ် လည်းမလုပ်တတ်တဲ့ ကျွန်တော်တို့လိုလူတွေကတော့ အချင်း ချင်း ချေးငှားစားသောက်ရပါတယ်။ ကြာလာတော့ တော်တော် လေးခက်ခဲလာပါတယ်။ မတတ်နိုင်တော့ပါဘူး။ ဆောက်လုပ် ရေးလုပ်ငန်းတွေကလည်း တစ်ခုပြီးတစ်ခု ရပ်တဲ့အသံတွေ ကြား ရပါတယ်။ ကျွန်တော်တို့တတွေလည်း အလုပ်လုပ်ဖို့ ခက်ခဲလာ ပါတယ်။ ကျွန်တော်တို့က တစ်နေ့ လုပ်ခရမှ တစ်နေ့ အဆင်ပြေ စေတဲ့ သူတွေပါ။ ကျွန်တော်တို့အတွက် နေ့စဉ်အလုပ်လုပ်ရ တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လိုပါတယ်။ အလုပ်မရှိတော့ အလုပ်သမားမိသားစုတွေ ငိုယိုကြပြီးအတော်အခက်အခဲ ဖြစ် ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်ရှင်များကိုလည်း အရှုံးအမြတ်တွေ မတွက်ပဲ လုပ်ငန်းတွေ ဆက်လုပ်ပေးကြပါလို့ တိုက်တွန်းပါတယ်။
အလှူလုပ်တယ်လို့ပဲ သဘောထားပြီး ကျွန်တော်တို့ ကို အလုပ်တွေပေးပါ။ ဆရာတို့ အလုပ်တွေကို ကျွန်တော်တို့ စေတနာထားပြီး လုပ်ပေးပါ့မယ်။ ကျွန်တော်တို့ကို ကြည့်ရှုစောင့် ရှောက်ပါ။ ကျွန်တော်တို့ကို ငဲ့ညှာပါ။ ကျွန်တော်တို့ကို သနားပါ။ ကျွန်တော်တို့ဟာ ဆရာတို့ရဲ့လုပ်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စက်ရုံတွေ အခြားလုပ်ငန်းတွေ မလုပ်တတ်ပါဘူး။ ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်လုပ်ပေး ကြပါလို့
ဖြစ်နိုင်ရင် ကျွန်တော်တို့ ဒီမှာပဲအလုပ် လုပ်ချင်ပါ တယ်။ ရန်ကုန်မှာနေရတာ လူမချမ်းသာပေမယ့် စိတ်ချမ်းသာ ပါတယ်။
ဦးမောင်မောင်စိုး (ရန်ကုန်မြို့တော်ဝန်)
အမှန်တော့ ဒီအစီအစဉ်မှာ ကျွန်တော်မပါပါဘူး။ ၀န်ကြီးချုပ်က အချိန်မပေးနိုင်လို့ ကျွန်တော့်ကိုတာဝန်ပေးထား တဲ့ အတွက် ပြောရခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောစရာ တော့ သိပ်မရှိပါဘူး။ အချက်(၃)ချက်ပဲ ရှိပါတယ်။
အတိုးနှုန်းပါ- အတိုးနှုန်းက နှစ်ခုရှိပါတယ်၊ ချေးငွေ ပေါ်ကိုပေးရတဲ့ အတိုးနှုန်းနဲ့ စုငွေပေါ်ကိုပေးရတဲ့ အတိုးနှုန်းပါ။
ဒီသုံးချက်လုံးမှမရှိရင် ဘဏ်လုပ်ငန်းက လူတွေ တိုက်တွန်း အကြံပြုချင်ပါတယ်။ ဘဏ်တိုးနှုန်းလေး လျှော့ ကြည့်ပါလားလို့။
ဒုတိယအချက်က လေထဲကစကား လေထဲမှာ မပျောက် သွားစေချင်ဘူးဆိုတဲ့ ကိစ်္စပါ။ စည်ပင်သာယာအနေနဲ့ လူထု ရဲ့ ထမင်းအိုးကို ရိုက်ခွဲတဲ့ အလုပ်မျိုးမလုပ်ပါဘူး။ ပြောချင်တဲ့ အချက်ကတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်လာတွေ့ပါ။
တတိယအချက်ကတော့ ငွေကြေးစီးဆင်းမှုပေါ့။ လုပ်ငန်းရှင်ဆိုတာ တတ်လို့လုပ်တာပါ။ သူတတ်လို့လည်း အလုပ်သမားများစွာကို ထမင်းကျွေးထားနိုင်တာပါ။ သူ့ပုံမှန်အတိုင်း သာ လုပ်ငန်းပုံမှန်လည်ပတ်နေဖို့လိုတာပါ။ ကျွန်တော်လည်း အများကြီး ကူညီပါ့မယ်လို့ ပြောချင်ပါတယ်။
အဆိုပါ အခမ်းအနားတွင် ဆောက်လုပ်ရေး လုပ်ငန်း ရှင်များ စုပေါင်းတောင်းဆိုသည့်အချက် (၆)ချက်မှာ -
(က) အိမ် ခြံမြေတိုက်ခန်း အရောင်းအ၀ယ်ခွန်များ အား ၃၀ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းသို့ ယာယီ(၂)နှစ်ခန့် လျှော့ချပေးနိုင်ရေး။ (နိုင်ငံတော်အခွန် ငွေရရှိသည့် ပမာဏ လျော့မသွားသည့်အပြင် ပိုများလာမည်ဖြစ်ပါသည်။)
(ခ) စီမံကိန်းများ အာမခံထား၍ စီမံကိန်းအကြီး အသေးပေါ်မူ တည်၍ ၃ နှစ်မှ ၁၀နှစ်အထိဘဏ်ချေးငွေ ရရှိရေး။
(ဂ) ဘဏ်ချေး ငွေအတိုးနှုန်းများအား ၁၃ ရာခိုင်နှုန်း မှ ၉ ရာခိုင်နှုန်းသို့ လျော့ချပေးနိုင်ရေး။
(ဃ) အိမ်ရာဝယ်ယူသူများအတွက် (၁၅)နှစ်မှ (၂၀)နှစ်အထိ ဘဏ်ချေးငွေဖြင့်ဝယ်ယူခွင့် ထိထိရောက်ရောက် ရရှိနိုင်ရေး။
( င ) တည်ဆောက်ရေးဆိုင်ရာ ခွင့်ပြုမိန့်များ ထုတ်ပေး မည့်ကာလ သတ်မှတ်ချက် ကြေညာပေးနိုင်ရေး။ ဥပမာ- (၈)ထပ်ခွဲနှင့်အောက်အား (၁) လအတွင်း၊ (၁၂)ထပ်အထိ (၂)လအတွင်း ၊ (၁၂)ထပ်နှင့်အထက် အား (၆)လအတွင်းစသည် ဖြင့် ကာလတစ်ခုသတ်မှတ်ပေးနိုင်ရေး။
(စ) နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက် ရေးလုပ်ငန်းအရေအတွက် များများအကောင် အထည်ဖော်ပေးနိုင်ရေးတို့ဖြစ်ကြောင်း သိရသည်။
ဘအေး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com