ပြည်သူများ အိမ်ရာပိုင်ဆိုင်ရေး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ယန်း ၁၅ ဘီလီယံ ချေးယူရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။
လစဉ် မိသားစုဝင်ငွေ အနည်းဆုံး ကျပ်သုံးသိန်းရှိပါက တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူနိုင်ပြီး လစဉ်မိသားစုဝင်ငွေကျပ်ငါးသိန်းရှိပါက တန်ဖိုးသင့်အိမ်ရာ
ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်၌ရှင်းပြသည်။
ချေးငွေဖြင့် အိမ်ရာဝယ်ယူ သူများသည် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်း ရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်း ကို တစ်နှစ်လျှင်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းကျသင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အနည်းဆုံး ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ပေးသွင်းရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီးက ဆို သည်။
ပြည်သူများအတွက် တည် ဆောက်မည့်အိမ်ရာစီမံကိန်းများ တွင် တန်ဖိုးနည်းအိမ်ရာများသည် အကျယ် ၃၀၀ မှ ၈၀၀ စတုရန်းပေ၊ တန်ဖိုးသင့်အိမ်ရာသည် အ ကျယ် ၈၀၀ မှ ၁,၂၀၀ စတုရန်းပေ ရှိကြောင်းနှင့် ဈေးနှုန်းများသည် ကျပ်သိန်း ၁၀၀ မှ ၅၀၀ အထိဖြစ် ကြောင်းဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ရှင်းလင်းဖော်ပြချက်၌ ပါရှိသည်။
အိမ်ရာ ၀ယ်ယူလိုသူများ သည် ပထမအဆင့်တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်ကငွေထုတ်ချေးမည်ဖြစ်ပြီး နောက်ပိုင်းပုဂ္ဂလိကဘဏ်များက ငွေထုတ်ချေးနိုင်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဒုဝန် ကြီးကပြောသည်။
ပထမအဆင့်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လှည့်ပတ်ရန်ပုံငွေဖြင့် ဆောက်လုပ်သော ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ချေးငွေထုတ်ယူနိုင်မည်ဖြစ်သည်။
ဒုတိယအဆင့်တွင် ဂျပန်နိုင်ငံနည်းပညာဖြင့် အရည်အသွေးပြည့်ဝပြီး ကာလရှည်ခိုင်မာသည့် အိမ်ရာများ ဆောက်လုပ်ရန်ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်အပြင် အခြားပုဂ္ဂလိကဘဏ်များမှ ချေးငွေထုတ်ယူနိုင်မည်ဖြစ်သည်။
တတိယအဆင့်တွင် ပုဂ္ဂလိကမှဆောက်လုပ်မည့် အရည်အသွေးကောင်းမွန်သော အိမ်ရာများကို အခြားပုဂ္ဂလိကဘဏ်များ က ထုတ်ချေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရှင်းလင်းချက်၌ ဖော်ပြထားသည်။
အထက်ပါချေးငွေဖြင့် အိမ်ရာလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ပြီး ၀င်ငွေနည်းပြည် သူများအိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေး အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်းနှင့် အစိုးရ၏ဘဏ္ဍာရန်ပုံ ငွေသုံးစွဲရမှုကို သက်သာစေနိုင်သည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက
ပြည်ထောင်စုလွှတ်တော်သို့ ပြောသည်။
‘‘ ပြည်သူတို့၏ အဓိကအ ရေးသုံးပါးဖြစ်သော စား၊ ၀တ်၊ နေရေးတွင် မရှိမဖြစ်လိုအပ်သော နေရေးအတွက် ပြည်သူများသက် သာသော အတိုးနှုန်းထားဖြင့်နှစ် ရှည်ပေးဆပ်ရင်း အနာဂတ်၌ ပိုင်ဆိုင်မည့်အိမ်ရာတွင် နေထိုင်ခွင့်ရရှိ၍ လုံခြုံစိတ်ချရသည့်နေရေးကိုရရှိရန် ဂျပန်နိုင်ငံ JICA မှ ယန်း ၁၅ ဘီလီယံချေးငွေရယူရေး ကိစ္စကို ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပေးနိုင်ပါရန်လေးစားစွာတင်ပြအပ်ပါတယ်’’ ဟု ဒုဝန်ကြီး ဦးကျော်လင်းက ဆက်လက်ပြောသည်။
တန်ဖိုးနည်းနှင့်တန်ဖိုးသင့် အိမ်ရာများကို ရန်ကုန်၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးလေးခုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် တိုက်အလုံးရေ ၁၅၈ လုံး၊ အခန်း ၄,၅၅၀ ခန်း တည်ဆောက်ရန်လျာထားသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် တိုက်အလုံးရေ ၂၀၇ လုံး၊ အခန်း ၅,၉၀၈ ခန်းဆက်လက်ဆောက် လုပ်မည်ဖြစ်သည်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက်တိုက်အလုံးရေ ၄၀၊ အခန်း ၁,၄၅၆ ခန်းကို တည်ဆောက်မည်ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့အပါအ၀င် အ ခြားပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများတည်ဆောက်၍ သက်သာသောအတိုးနှုန်းဖြင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်ရေး ယန်း ၁၅ ဘီလီယံချေးယူပြီး လျာထားသုံးစွဲရန်စီစဉ်ထားကြောင်း ဒုဝန်ကြီးဦးကျော်လင်းက ပြည်ထောင်စုလွှတ်တော်သို့ ပြော သည်။
အဆိုပါချေးငွေ ယန်း ၁၅ ဘီလီယံကိုအတိုးနှုန်းသုည ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလနှစ် ၃၀၊ စုစု ပေါင်းနှစ် ၄၀ ဖြင့် ချေးယူခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနကပြည်ထောင်စုလွှတ်တော် သို့
တင်ပြသည်။
အထက်ပါချေးငွေနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိလျှင် စာရင်းပေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။
Credit: 7Daydaily