မဟာမဲခေါင်ဒေ သခွဲအတွင်းရှိ လမ်းမကြီးသုံးလမ်းကို အဆင့်မြှင့်တင်ရန်နှင့် မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရေး ပြည်ပမှ ကန်ဒေါ်လာသန်း ၄၄၀ ချေးယူရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ ယမန်နေ့က တင် ပြသည်။
မဟာမဲခေါင်ဒေသခွဲအ တွင်းရှိ ရန်ကုန်-ပုသိမ်လမ်း၊ ပဲခူး -သန်လျင်လမ်းနှင့် ရန်ကုန်-မန္တ လေးလမ်းတို့ကို အဆင့်မြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကန်ဒေါ်လာသန်း ၃၄၀ နှင့်အာဆီယံ အခြေခံအဆောက်အအုံရန်ပုံငွေ (AIF)မှ ကန်ဒေါ်လာသန်း၂၀စုစုပေါင်းကန်ဒေါ်လာသန်း ၃၆၀ ချေးယူရန်
ဆောက်လုပ်ရေး ၀န် ကြီးဌာန ဒုဝန်ကြီးဦးကျော်လင်းက လွှတ်တော်အား ပြောသည်။
တစ်ဆက်တည်းတွင် မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းတစ်လျှောက် ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကန်ဒေါ်လာသန်း ၈၀ ချေးယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက အထက်ပါစီမံကိန်းများအ တွက် စုစုပေါင်းကန်ဒေါ်လာသန်း ၄၄၀ နှင့် ပြည်သူများအတွက်အိမ်ရာဆောက်လုပ်ရန် (ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)JICA မှ ယန်း ၁၅ ဘီလီယံ(ကန်ဒေါ်လာသန်း ၁၄၀ ကျော်)ချေးယူရန် တင်ပြ ချက်သည် လက်ရှိဒီချုပ်အစိုးရ လက်ထက်တွင် ပြည်ပမှ ချေးယူ ရန် အများဆုံးပမာဏဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ပထမဆုံးဘဏ္ဍာနှစ် ၂၀၁၆-၁၇ အပြီးထုတ်ပြန်သော အစီရင်ခံစာအရ ၎င်းတို့အစိုးရ တက်လာပြီး ပြည်ပမှချေးယူရန် စာချုပ်ချုပ်ထားသည့် ပမာဏသည် ကန်ဒေါ်လာ ၂,၇၅၃ ဒသမ ၉၁၄ ဘီလီယံရှိပြီး အမှန်တကယ် ချေးငွေ (ထုတ်ယူသုံးစွဲငွေ)သည် ကန်ဒေါ်လာ ၃၄၃
ဒသမ ၂၆သန်းရှိသည်။
အာရှ ဖွံ့ဖြိုးရေးဘဏ် အစီအစဉ်ဖြင့် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းကို မူလလမ်း ကိုအခြေခံ၍ပုသိမ်မှ ငွေဆောင်၊ ပုသိမ်မှ ငရုတ်ကောင်း၊ ပုသိမ်မှ မော်တင်စွန်း၊ ပုသိမ်မှချောင်းသာ၊ပုသိမ်မှ ဂွ- ငါးသိုင်းချောင်း၊သံတွဲ-ငပလီနှင့်ဂွ-ကမ်းသာယာလမ်းကြောင်းတစ်လျှောက်အချိန်တိုအတွင်း သွားလာနိုင်ရန် အကောင်အထည်ဖော်မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီးကပြောသည်။
ဆက်လက်၍ ဦးကျော်လင်း က ပဲခူး-သန်လျင်လမ်းကြောင်း ဖော်ဆောင်ခြင်းဖြင့် ရန်ကုန်တောင်ပိုင်းမြို့များဖြစ်သည့် သုံးခွ၊ ခရမ်းစသည့်မြို့များ၊ ပဲခူးတိုင်း ဒေသကြီး ကမာစဲ၊ သနပ်ပင်စသည့်မြို့များဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း
လွှတ်တော်အား ရှင်းပြသည်။
ထို့အပြင် ရန်ကုန်-မန္တလေးလမ်းကို အဆင့်မြှင့်တင်ရန် ရန်ကုန်မှ ဘောနတ်ကြီးအထိမိုင် ၄၀ ကိုရှေ့ပြေးစီမံကိန်း နိုင်ငံတကာအဆင့်မီအမြန်လမ်းအဖြစ် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဒုဝန်ကြီးကဆိုသည်။
မဟာမဲခေါင်ဒေသခွဲအရှေ့အနောက်စီးပွားရေးစင်္ကြံလမ်း တစ်လျှောက်ရှိမြို့များ ဖွံ့ဖြိုးမှုစီမံကိန်းအတွက် မော်လမြိုင်၊ ဘား အံနှင့် မြ၀တီမြို့ရေပေးဝေရေး အဆင့်မြှင့်တင်ခြင်းနှင့် အမှိုက်သိမ်းစနစ်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ယင်းအကောင်အထည်ဖော် ဆောင်ရွက်ချက်များသည် မြို့ပြဖွံ့ဖြိုးရေး လိုအပ်သောအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုစီးပွားဖွံ့ဖြိုး
တိုးတက်မှု အပေါ်အထောက်အကူဖြစ်မည် ဟု ဒုဝန်ကြီးကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနကတင်ပြသည့် အထက်ပါစီမံကိန်းများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးလိုက ဆွေးနွေးနိုင်မည်ဖြစ်သည်။
ထို့အပြင် JICA မှ ယန်း ၁၅ ဘီလီယံခန့် ချေးငွေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန် ခံ၍ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များအား ချေးငွေထုတ်ပေးရေးကိစ္စကို ဖေဖော်ဝါရီ ၂၂ ရက် က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
Credit: 7Daydaily