မြို့နယ် ၆ မြို့နယ်ရှိ အိမ်ရာဝယ်ယူခွင့် လျှောက်လွှာများရောင်းချလျှက်ရှိရာ လူစိတ်ဝင်စားမှုများပြားနေပြီးလျှောက်လွှာများကို အရေအတွက် ထပ်မံတိုးမြှင့်ပြီး ရောင်းချပေးနေရကြောင်း သတင်းရရှိသည်။
တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ၄ ခုတွင် ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ်လ ၁၅ ရက်အထိ ရောင်းချပေးရန် ရည်ရွယ်ထားသော်လည်း သတ်မှတ်ကာလ မရောက်မှီတွင် ကုန်သွားနိုင်ကြောင်း ခရိုင်ထွေအုပ်ရုံးများက ခန်းမှန်းထားသည်။
ရန်ကုန်တိုင်း အစိုးရမှ ရောင်းချသည် တန်ဖိုးနည်းတန်ဖိုးသင့် တိုက်ခန်းအရေအတွက်၈၀၀ကျော်ကို ရောင်းချပေးမည်ဖြစ်သည်။
၎င်း အိမ်ရာများမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာ အပိုင်း (၁)နှင့် (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင် သာ ယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House များ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့မှအခန်းများကို ရောင်းချနေခြင်းဖြစ်သည်။
အနည်းဆုံး တိုက်ခန်းတန်ဖိုး သိန်း ၉၀ကျော်မှ သိန်း ၃၀၀ ၀န်းကျင် အထိရှိသော တိုက်ခန်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က အိမ်ပိုင်မရှိသူများကို ရည်ရွယ်ပြီး ရောင်းချပေးနေခြင်းဖြစ်သည်။
အိမ်ရာဝယ်ယူခွင့်လျှောက်လွှာကို အစိုးရ၀န်ထမ်းအငြိမ်းစားဝန်ထမ်း ကုမ္ပဏီဝန်ထမ်းအများပြည်သူဟူ၍ ခွဲခြားပြီးလျှောက်လွှာ အမျိုးအစားကို ခွဲခြားထားကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com