အငြင်းပွားဖွယ်ရာများ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အချက်များကြောင့် အကြိမ်ကြိမ်ညှိုနှိုင်းပြီး အဖြေမထွက်ခဲ့သော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပြန်လည်စတင်ရန် ယခုနှစ်အတွင်း ပြန်လည်ထွက်ပေါ်လာပြီဖြစ်သည်။
၂၀၁၃တွင်ရပ်တန့် ခဲ့သော ကန်ဒေါ်လာ ၁၀ဘီလီယံတန် ထားဝယ်အထူးစီးပွားရေးဇုန်ကို စိတ်ဝင်စားနေသည့် နိုင်ငံတကာကို တင်ဒါပြန်လည်ခေါ်ယူမည်ဟု အစိုးရအဖွဲ့ က ထုတ်ပြန်ကြေငြာ လိုက်ပြီဖြစ်သည်။
တင်ဒါကို လာမည့်ဇွန်လတွင် ခေါ်ယူရန် မြန်မာအစိုးရက ပြင်ဆင်နေပြီး ဦးသိန်းစိန် အစိုးရလက်ထပ်ကရပ်ဆိုင်းခဲ့သော ထားဝယ်အထူးစီးပွားရေးဇုံမှာ ဒီချုပ် အစိုးရလက်ထက်တွင် ပြန်လည်စတင်နိုင်တော့မည့် အခြေအနေတစ်ခုပင်ဖြစ်သည်။
လက်ရှိသီလဝါစီးပွားရေးဇုံထက်၁၀ဆမက ကြီးမာလာနိုင်ပြီး အရှေ့တောင်အာရှ၏ အကြီးဆုံး အထူးစီးပွားရေးဇုံ တစ်ခုပေါ်ထွက်လာမည်ဖြစ်သောကြောင့် နိုင်ငံတကာ က အထူးစိတ်ဝင်စားနေသော အထူးစီးပွားရေးဇုန်လည်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းသည် ဂျပန်နိုင်ငံအ ကူအညီဖြင့် ရေးဆွဲနေသည့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေး မဟာစီမံကိန်း အစိတ်အပိုင်းဖြစ်သည်။ထို့ကြောင့် ယင်းစီမံကိန်းထဲတွင် ပါဝင်လာသော ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် စီစဉ်လာခြင်းဖြစ်သည်။
ယင်းစီမံကိန်းကို မြန်မာ- ထိုင်း- ဂျပန် သုံးနိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ် ထားပြီး ပထမအဆင့်အနေဖြင့် တွင် မြေယာအဆင့်မြှင့် ဖော်ထုတ်မည့် Developer ကို ဖိတ်ခေါ်မည်ဖြစ်သည်။
ထို့ ကြောင့် Developer အတွက် နိုင်ငံတကာမှ ခေါ်ယူမည့် တင်ဒါကြောင့် ရင်းနှီးမြှပ်နှံလာမည့် နိုင်ငံအသစ် တစ်ခု တိုးပွားလာမည့် အခြေအနေလည်းဖြစ်သည်။
စီမံကိန်း ပြန်လည်စတင်ရာ တွင် လျှပ်စစ်မီးရရှိရေးနှင့် ဆိပ် ကမ်းလုပ်ငန်းများ အပါအဝင် လုပ်ငန်း ကိုးခုကို ကနဦးအ ကောင်အထည်ဖော်မည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ချေးငွေဖြင့် ထိုင်းနယ် စပ်မှ အထူးစီးပွားရေးဇုန်အထိလမ်းဖောက်လုပ်ခြင်း၊ အထူးစီး ပွားရေးဇုန်အတွင်းရှ မြေယာအ ဆင့်မြှင့်ခြင်းလုပ်ငန်းများ အထိပါဝင်လာမည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းလုပ်ကိုင်ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ချင်း လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်း နိုင်ငံဘက်မှ အီတာလျံထိုင်း ကုမ္ပဏီနှင့် ပြည်တွင်းမှ မက်စ် (မြန်မာ) ကုမ္ပဏီတို့ စတင်လုပ် ကိုင်ခဲ့သည်။ သို့သော် ၂၀၁၃ တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် စီ မံကိန်းရပ်ဆိုင်းခဲ့သည်။
၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေး နွေးပြီး ဂျပန်အစိုးရက အဆိုပါ စီပွားရေးဇုန် အပါအဝင် ထားဝယ် ဒေသ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။
ယခုပြန်လည်စတင်မည့် စီ မံကိန်း ဧရိယာအတွင်း ကျေးရွာ ခြောက်ရွာပါဝင်ပြီး စုစုပေါင်း အိမ်ထောင်စု ၁,၂၀၀ ကျော်ရှိ ကြောင်း စီမံခန့်ခွဲမှု ကော်မတီက ဆိုသည်။ ယခင်ရေးဆွဲခဲ့သည့် စီ မံကိန်းမြေနေရာတွင် ကျေးရွာ ၁၆ ရွာပါဝင်သော်လည်း ယခု စီမံကိန်း ပြန်လည်ရေးဆွဲမှု၌ ခြောက်ရွာသာကျန်ရှိတော့သည် ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီမှ ထုတ်ပြန်ထားသည်။
ယင်းကျေးရွာများကို စီမံ ကိန်းမြေအတွင်းမှ ဖယ်ရှားရန် စဉ်းစားထားသော်လည်း လူဦးရေ များပြားသဖြင့် အခက်အခဲများလည်းဖြစ်ပေါ်လျှက်ရှိသည်။
‘‘ဖြစ်နိုင်ရင် ရွာတွေကို မ ရွှေ့ချင်ဘူး။ ဒါကြောင့် စီမံကိန်း ကို ပြန်ကြည့်နေတယ်။ မဖြစ်မနေ ရွှေ့ရမယ်ဆိုရင် တစ်ရွာ၊ နှစ်ရွာ လောက်ပဲ တယ်’’ ဟု အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီမှ ဒေါက်တာမြင့်ဆန်းကဆိုသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်သည် စတုရန်းမိုင် ၁၀၀ ခန့် ကျယ်ဝန်းပြီး ပထ၀ီ အနေအထားအရ ထိုင်းနိုင်ငံရောမြန်မာနိုင်ငံကပါ နှစ်နိုင်ငံလုံးအတွက် အကျိုး အမြတ် ကြီးမားသည့် စီမံကိန်း လည်းဖြစ်သည်။
သို့ သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရပ်ရွာပြည်သူလူထုများ၏ အကျိုးစီးပွားများထိခိုက်နစ်နာမှု တတ်နိုင်သမျှ လျော့ကျရေးအတွက်လည်း မြန်မာအစိုးရအနေဖြင့် အထူးသတိထားရန်လိုအပ်မည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း၊ သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အဆောက်အအုံတည်ဆောက်ခြင်း၊ စက်မှုမြို့တော်တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများတည်ဆောက်ခြင်း၊ ရေနံချက်စက်ရုံတည်ဆောက်ခြင်း၊ သံမဏိစက်ရုံတည်ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံတည်ဆောက်ခြင်း၊ ထားဝယ်- ဘန်ကောက်ရထားလမ်း၊ ကားလမ်းဖောက်လုပ်ခြင်း၊ ကားလမ်းနှင့် ရထားလမ်းတစ်လျှောက်တွင် ရေနံပိုက်လိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းတို့ ပါဝင်သည်။
အီတာလျံ-ထိုင်းကုမ္ပဏီ ရင်းနှီးတည်ဆောက်စဉ်က ကုန်ကျစရိတ်များကို နှစ်နိုင်ငံအစိုးရ ဖွဲ့စည်းထားသည့်အဖွဲ့က တစ်နှစ်ကျော်ကြာ တွက်ချက်ခဲ့ပြီး စီမံကိန်းများကို အဆင့်လိုက် အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံသူများကို အဆင့်လိုက်ဖိတ်ခေါ်သွားရန်ရည်ရွယ်ခဲ့သည်။
စီမံကိန်းသည် ၂၀၀၈ ဝန်းကျင်ကပင် စတင်ရန် နှစ်ဖက် အစိုးရ အာဏာပိုင်အဖွဲ့  အစည်း များ လုပ်ဆောင်ခဲ့စဉ်အတွင်း ဦးဆောင်ကုမ္ပဏီများနှုတ်ထွက်သွားခြင်း၊စီမံကိန်းနယ်မြေများမှာ မကြာခဏ ပြောင်းလဲခြင်းများကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်မှာ မနှောင့်နှေးသင့်ဘဲ နှောင့်နှေး ခဲ့ရသောအထူးစီးပွားရေးဇုန်လည်းဖြစ်သည်။
အထူးစီးပွားရေးဇုန်များ နှင့်စပ်လျဉ်း၍ လုပ်ရမည့်ကိစ္စများ မလုပ်မိခြင်း၊ အမုန်းမခံနိုင်ခြင်း၊ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းနှင့် လုပ်ငန်းများပြီးစီးအောင် မဆောင် ရွက်နိုင်ခြင်းတို့ကြောင့် ပြည်သူများနစ်နာမည်ကို စိုးရိမ်မိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ နိုဝင်ဘာ၁၅ရက်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံစဉ် ပြောကြားထားဖူးသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးစီးပွားရေးဇုန်များ တည်ထောင်လုပ်ကိုင်ခြင်းသည်အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်သည်ဟုစီး ပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။ အာရှစီးပွားရေးကို ဦးဆောင်နေသည့် တရုတ်နိုင်ငံ သည် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်တည်ဆောက်နိုင်ခြင်းကြောင့်ဟု၎င်းကဥပမာပေးပြော ဆိုသည်။
‘‘အထူးစီးပွားရေးဇုန်နဲ့ နိုင်ငံ့ စီးပွားရေးတွန်းတင်ဖို့က ကြိုဆိုပါ တယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံပိုင်းကို တိတိကျကျ ဖော် ဆောင်ပေးဖို့ လိုပါတယ်’’ ဟု မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်များ အကောင်အထည်ဖော်ရာ၌ နိုင်ငံတကာက သတ်မှတ်ထားသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု သုံးသပ်လေ့ လာချက်များ၊ လူမှုရေးထိခိုက်မှု သုံးသပ်လေ့လာချက်များပြုလုပ် ပြီးမှသာ အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် အထူးစီး ပွားရေးဇုန်သုံးခုကို အကောင်အ ထည်ဖော်ရန် ယခင်အစိုးရလက် ထက်တွင် စတင်ခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန်သည် စီးပွားဖြစ်လည်ပတ်နေပြီး ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် များသည်လည်း ယခုနှစ်များအတွင်း အကောင်အထည်ဖော်လာမည့် အထူးစီးပွားရေးဇုန်များဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com