ရန်ကုန်မြို့တော်စည်ပင်နဲ့ မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ အဆင့်မြင့်အရာရှိကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ရန်ကုန်က ပညာရှင်အသိုင်းအဝိုင်းကြားမှာ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မြို့ပြရေးရာပညာရှင် ဒေါက်တာကျော်လတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က ဟောပြောပွဲ တစ်ခု လုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်က အိုးအိမ်ဖွံ့ဖြိုးရေးရုံးမှာလုပ်တဲ့ အဲဒီပွဲကို ဗိသုကာပညာရှင်တွေ၊ အင်ဂျင်နီယာကျောင်းသားတွေနဲ့ သတင်းထောက်တွေ တက်ရောက်ခဲ့ပါတယ်။အဲဒီပွဲမှာ ဒေါက်တာကျော်လတ် ဆွေးနွေးချက်တွေထဲက အချို့ကို မြန်မာတိုင်း(မ်) စာဖတ်ပရိသတ်အတွက် အနှစ်ချုပ် ပြန်လည်တင်ပြပေးလိုက်ပါတယ်။
မြို့ပြစည်ပင်ဖွံ့ဖြိုးရေးဆိုပေမဲ့ ရန်ကုန်လို၊ မန္တလေးလိုမြို့ကြီးတွေကိုချည်း ဘဏ္ဍာငွေတွေ ပုံအောသုံးစွဲနေခြင်းဟာ ''တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုတောင် ထိခိုက်စေတယ်''လို့ သူက မှတ်ချက်ပေးပါတယ်။
''မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနေတဲ့ တိုင်းပြည်မှာ မြို့ကြီးတွေကို တိုင်းရင်းသားတစ်ယောက်ကလာလို့ ငါတို့ဒေသမှာတော့ ဘာမှမရှိဘူး၊ သူတို့ကျ စည်ပင်နေလိုက်တာဆိုတာမျိုး တွေးမှာပဲ။ ဒါကို ထည့်တွေးသင့် တယ်''လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာလည်း မြို့ပြစီမံကိန်းတွေ လုပ်ကိုလုပ်သင့်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။သူက ရန်ကုန်လိုမြို့ကို ငွေတွေပုံပြီး ထပ်ချဲ့တာကို အားမပေးဘဲ ရှိရင်းစွဲအခြေအနေတွေကို ပိုကောင်းတဲ့ အခြေအနေဖြစ်အောင် အရင်ပြုပြင်ဖို့ ဦးစားပေးသင့်တယ်လို့ ဆိုပါတယ်။
ဒေါက်တာကျော်လတ်ရဲ့အဆိုအရ စည်ပင်က ရန်ကုန်မှာ တစ်ရက်ကို ရေဂါလန် သန်း ၂ဝဝ ကျော် ပေးနေပေမဲ့ ရေတွေအလေအလွင့်အလွန်များပြီး မြို့ရဲ့လူဦးရေ ၂၈ ရာခိုင်နှုန်းပဲ ရေရနေတာ၊ မြို့နေလူထုရဲ့ထက်ဝက်ဟာ မိုးတွင်းရောက်ရင် ရေကြီးရေလျှံမှုနဲ့ ဆက်စပ်တဲ့ပြဿနာတွေ ရင်ဆိုင်နေရတာ၊ လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အိမ်သာတွေ သုံးနေရတယ်လို့ သိရပါတယ်။
ဒါ့ပြင် တစ်မြို့လုံးရဲ့ လူဦးရေ ရှစ်ရာခိုင်နှုန်းပဲ ကိုယ်ပိုင်ကားရှိပြီး လူစုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းက အများသူငါသုံး သယ်ယူပို့ဆောင်ရေးတွေဖြစ်တဲ့ ဘတ်စ်ကားနဲ့ ရထားစီးပေမဲ့ လမ်းပေါ်မှာ ကားတွေကျပ်ပြီး လူထုရဲ့ လေးပုံတစ်ပုံနီးပါးဟာ တစ်ရက်ကို ခရီးသွားလာချိန် နှစ်နာရီကြာမြင့်နေရတာတွေ ဖြစ်ပွားနေတာကြောင့် ပြင်ဆင်ရမယ့်အချိန်ရောက်ပြီလို့ ထောက်ပြပါတယ်။
''လူသားမဆန်တဲ့ အခြေအနေမှာ နေနေရတဲ့ သူတွေလည်း အများကြီး။ တချို့ဆို တစ်တိုက်နဲ့တစ်တိုက် အိမ်ရှင်မချင်း စကားများရင်တောင် ပါးလှမ်းရိုက်လို့ရတယ်''လို့လည်း သူက ဝေဖန်ပါတယ်။
ဒီလိုဖြစ်နေရခြင်းရဲ့အကြောင်းရင်းတွေအနက် အခရာကျတဲ့ အကြောင်းရင်းတစ်ခုကတော့ ရန်ကုန်မှာ မြို့ကို ဇုန်အလိုက်ခွဲပြီးစီမံတဲ့ စနစ်နဲ့မူ မရှိတာကြောင့်လို့ သူက ဆိုပါတယ်။
''မြို့လယ်ကောင်တစ်ဝိုက်က မြို့နယ်တွေမှာချည်းပဲ ကျောင်းတွေကော၊ စီးပွားရေးအဆောက်အအုံလို့ခေါ်တဲ့ ကုမ္ပဏီတွေ ရုံးတွေကော၊ ဈေးတွေကော စုနေတယ်''လို့ သူက ရှင်းပြပါတယ်။
ရန်ကုန်ရဲ့ မြို့လယ်ကောင်တစ်ဝိုက်က မြို့နယ်တွေမှာ တစ်စတုရန်းမိုင်မှာ လူ ၇၅,ဝဝဝ ကျော်ရှိနေပေမဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အဲဒီအကျယ်အဝန်းကို လူ ၇,ဝဝဝ ပဲရှိတယ်လို့ ၄င်းကဆိုပါတယ်။ တစ်မြို့တည်းဖြစ်ပေမဲ့ ၁ဝ ဆကျော်တောင် လူဦးရေသိပ်သည်းမှု ကွာခြားတဲ့သဘောပါ။
ကျောင်းတွေဆိုရင်လည်း လှိုင်သာယာလို ကျယ်ပြီး လူနေများတဲ့ မြို့နယ်မှာတောင် အစိုးရစာသင်ကျောင်း ၁ဝ ကျောင်းပဲရှိပေမဲ့ မြို့လယ်မြို့နယ်တွေမှာတော့ အများအပြားစုပြုံနေတယ်လို့ သူကထောက်ပြပါတယ်။
''အကျိုးဆက်အနေနဲ့ ရန်ကင်းမြို့နယ်လောက်မှာ တစ်နာရီမိုင် ၂ဝ လောက် ကားတွေမောင်းလို့ရရင် ကျောက်တံတား၊ လမ်းမတော်လည်းရောက်ရော လူ လမ်းလျှောက်သွားနှုန်းထက်တောင် နှေးတဲ့ပမာဏပဲ မောင်းလို့ရတော့တယ်''လို့ သူကဆိုပါတယ်။
ကြမ်းခင်းသိပ်သည်းဆလို့ ပညာရှင်တွေခေါ်တဲ့ လမ်းပေါ်မှာ ယာဉ်နဲ့တခြားသွားလာမှုပမာဏ အချိုးအစားဟာ ရန်ကင်းနဲ့ မြို့လယ်ကောင်ကြားမှာ ၁ဝ ဆကွာတာကို လေ့လာတွေ့ရှိရတယ် လို့ ၄င်းက ရှင်းပြပါတယ်။
''လူတွေဟာ လမ်းပေါ်မှာ အချိန်တွေအများကြီးကုန်တာ စိတ်ပိုင်းဆိုင်ရာအရတောင် မကောင်းဘူးဗျ။ ဥပမာ ဖခင်တစ်ယောက်ဟာ မနက်ခင်းကတည်းက အိမ်က ခွဲခွာလာပြီး သားသမီးအိပ်ချိန်မှ အိမ်ပြန်ရောက်တာ များလာရင် မိသားစုထဲမှာစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်တယ်''လို့ ၄င်းက မှတ်ချက် ပေးပါတယ်။
ရန်ကုန်မြို့ရဲ့ ၁ဝ ပုံ တစ်ပုံသော အကျယ်အဝန်းပမာဏဖြစ်တဲ့ မြို့လယ်ဧရိယာမှာချည်းပဲ မြေအသုံးချမှုတွေက စုပြုံနေတာဟာ ဖြေရှင်းရမယ့်အချက်လို့ သူက ရှင်းလင်းစွာထောက်ပြပါတယ်။
''ဒါတွေကို ချက်ချင်းပြင်ဖို့ မဖြစ်နိုင်ဘူး။ ချက်ချင်းပြင်ဖို့လည်း မပြောသင့်ဘူး။ ဒါပေမဲ့ ဘယ်နှနှစ်မှာ ဘာလုပ်မယ်ဆိုတာတော့ ရှိကိုရှိရမယ်''လို့လည်း သူက ဆက်ပြောပါတယ်။
ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေကို ကျေးလက်နေ လူအများအပြား စုပြုံရောက်ရှိလာခြင်းဟာ ရေရှည်မှာ မကောင်းတဲ့အတွက် တစ်နိုင်ငံလုံးမှာလည်း ဇုန်အဖြစ်သတ်မှတ်ပြီး လူတွေ အလုပ်အကိုင်ရှာဖွေလို့ရတဲ့ မြို့ပြ အနည်းဆုံး သုံးခုလောက် ဖန်တီးသင့်တယ်လို့ ၄င်းက သုံးသပ်ပါတယ်။
လူနဲ့ မြေအချိုးအစားဟာ ၁၉၅၃ ခုနှစ်က လူထက် မြေကပိုများသော်ငြားလည်း နောင်အနှစ် ၃ဝ အကြာ ၁၉၈၃ ခုနှစ်တွင် အချိုးတူဖြစ်သွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှာမူ မြေထက် လူပမာဏက များလာကြောင်း ၂ဝ၁၄ သန်းခေါင်စာရင်းပါ အချက်အလက်တွေကို မူတည် တွက်ချက်ပြီး ၄င်းကဆိုပါတယ်။
''လူနဲ့မြေ အချိုးမှာ မြေက နည်းသွား တော့ လူတွေက လုပ်စရာ မရှိတော့ဘူး။ ၁၉၅၃ လောက်က လူတစ်ယောက်ကို ၁ ဒသမ ၃ ဧကလောက် မြေပမာဏရှိပေမဲ့ အခုကျေးလက်နေလူထုရဲ့၇ဝ ကနေ ၈ဝ ရာခိုင်နှုန်းသော လူတွေဟာ လယ်တွေယာတွေ မရှိကြတဲ့ လယ်အလုပ်သမားတွေ ဖြစ်နေကြပြီ။ အဲဒီကနေ ကြာတော့ မြို့တက်လာ ကြရော''လို့ သူကဆိုပါတယ်။
ဒါ့ပြင် အုပ်ချုပ်တဲ့အစိုးရတွေအနေနဲ့ မြို့ပြတွေကိုစီမံဖို့၊ မြို့သစ်တွေဖော်ဆောင်ဖို့ဆိုရင် ကိုယ်စိတ်ထင်ရာကို မလုပ်ဘဲ မဟာဗျူဟာကျကျ စီမံကိန်းတွေချပြီးမှလုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
အဲဒီစီမံကိန်းထဲမှာ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဘယ်ကာလမှာ ဘယ်လောက်ဖော်ဆောင်မယ်ဆိုတာ၊ ပို့ဆောင်ရေးဆိုင်ရာကိစ္စတွေ၊ ကျောင်း၊ ဆေးရုံနဲ့ ဈေး အစရှိတဲ့ လူမှုအခြေခံအဆောက်အအုံတွေ၊ ကျောင်းနဲ့ ဆေးရုံတွေအတွက် သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ အိမ်ရာမူဝါဒတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စီမံကိန်းကို အတည်မပြုခင် အများသူငါကြားကျယ်ကျယ်ပြန့်ပြန့်သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဝေဖန်သံတွေကို အရင်နားထောင်သင့်သလို၊ စီမံကိန်းကို လူထုရွေးချယ်ထားတဲ့ အမတ်တွေရဲ့ အတည်ပြုချက်နဲ့ပဲ လုပ်သင့်တယ်လို့ ၄င်းက ပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က အကောင်အထည်ဖော်မယ်လို့ ဆိုထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့လည်း လေးထောင့်ကန်မြို့နယ်ဘက်မှာ ယခင်ကတည်းက အစိုးရပိုင် ပြုထားပြီးသား မြေဧက ၂ဝ,ဝဝဝ ကျော်ရှိတာကို အသုံးမပြုဘဲ ဒလ၊ ဆိပ်ကြီးခနောင်တိုနဲ့ ကွမ်းခြံကုန်းဘက်မှာ မည်သည့်အတွက်ကြောင့် လုပ်သည်ကို နားမလည်ကြောင်း ဒေါက်တာကျော်လတ်က ဆိုပါတယ်။
''ရန်ကုန်အနေနဲ့ ဧက ၁ဝဝ ကို မြို့ကွက်လုပ်ဖို့ အကောင်အထည်ဖော်ရင်တောင် နှစ်အတန်ကြာ အချိန်ယူရတာ၊ ဧက ၂ဝ,ဝဝဝ ဆိုတာ အတော်များတဲ့ပမာဏ ဖြစ်ပါတယ်။ နောက်ပြီး ဟံသာဝတီလေဆိပ်ဘက်ကို သွားတဲ့ လမ်းပေါ်မှာ အဲဒီမြေတွေက ရှိတာ''လို့ သူကရှင်းပြပါတယ်။
Credit: The Myanmar Times