ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏အစီစဉ်ဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများရောင်းချရာတွင် ဘဏ်စုဆောင်းငွေမရှိသော်လည်း လက်ငင်းဝယ်ယူသူများအနေဖြင့် လျှောက်ထားဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီစဉ်ဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်းကို ဝင်ငွေနည်းပြည်သူတွေနဲ့ ပုဂ္ဂလိက၀န်ထမ်းတွေ ကိုအများဆုံးရောင်းချပေးသွားမည်ဖြစ်ပြီးဘဏ်တွင်စုဆောင်းငွေထားရှိသူများသာမက စုဆောင်းငွေမထားရှိပဲလက်ငင်းဝယ်ယူသူများလည်း လျှောက်ထားဝယ်ယူနိုင်မည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးယုခိုင်ကပြောသည်။
"အခုရောင်းချပေးဖို့ လျာထားချက်တွေအရဝင်ငွေနည်းပြည်သူကို ၃၅ရာခိုင်နှုန်း၊ အစိုးရဝန် ထမ်းကို ၂၅ရာခိုင်နှုန်း၊ အငြိမ်းစားဝန်ထမ်း များကို ၁၅ရာခိုင်နှုန်းနဲ့ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတွေကို၂၅ရာခိုင်နှုန်းဆိုပြီးဝင်ရောင်းချပေးဖို့လျာထားတယ်လျှောက်လွှာပုံစံကိုလည်းလေးမျိုးသတ်မှတ်ထားတယ်""ဟု ၎င်းမှဆက်လက်ပြောဆိုသည်။
အခန်းများအားလုံးကို၁၅နှစ်အထိ အရစ်ကြစနစ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ကာ တန်ဖိုးနည်းတိုက်ခန်းဈေးနှုန်းများမှာ ကျပ် ၉၈ သိန်းဝန်းကျင်မှ ကျပ် သိန်း ၁၃၀ ဝန်းကျင်အထိသတ်မှတ်ထားသည်။တန်ဖိုးသင့် တိုက်ခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၃၀ဝ မှ ကျပ် သိန်း ၅၀ဝ၊ ကျပ်သိန်း ၆၀ဝ အထိဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာ အပိုင်း (၁)နှင့် (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့မှကတိုက်ခန်းများဖြစ်ကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com