လက်ရှိဥပဒေအရ ရွှေစင်ရွှေတုံး များ ဝယ်ယူရောင်းချခြင်းအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပယ်ဖျက်၍ အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းအရ သိရသည်။
၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကြမ်း၏ အခန်း (၆) အတွင်းရှိ ပုဒ်မ (၆) ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ နောက်ဆက်တွဲ ဇယားအရ အခွန်ကင်းလွတ်ခွင့် ပြုလိုက်ခြင်းဖြစ်ပြီး ရွှေထည် လက်ဝတ်ရတနာများ ရောင်းချခြင်းကိုမူ လက်ရှိပြဋ္ဌာန်းထားသည့်အတိုင်း ၁ ရာခိုင်နှုန်း ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် အခွန်ဥပဒေ၌ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ကို ၈၇ မျိုးအထိသာ ခွင့်ပြုခဲ့သော်လည်း ယခုအခွန်ဥပဒေကြမ်းသစ်တွင် ရွှေစင်ရွှေတုံး အမျိုးအစား တစ်မျိုးကိုတိုး၍ ၈၈ မျိုးအထိ အခွန်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ရွှေထည်များရောင်းချခြင်းမှ ကုန်သွယ်ခွန် ၁ ရာခိုင်နှုန်းနှင့် ရွှေစင်ရွှေတုံးများ ရောင်းချခြင်းမှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ပေးဆောင်ရန် သတ်မှတ်ခဲ့သော်လည်း ရွှေလုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် ဇွန်လ ၁ ရက်နေ့မှသာ စတင်ကောက်ခံခဲ့သည်။
ထို့နောက် ရွှေတုံးအပေါ်မှ အခွန်ကောက်ခံခြင်းကို ရပ်ဆိုင်းပေးရန် လုပ်ငန်းရှင်များက ကန့်ကွက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် အခွန်ကင်းလွတ်ခွင့်ပြုထားခဲ့သည်။
“ဒါကတော့ ပွင့်လင်းမြင်သာတဲ့ ဈေးကွက်စီးပွားရေးစနစ်အရ ကောင်းမွန်တဲ့လုပ်ရပ်ပါ။ ၅ ရာခိုင်နှုန်း ကောက်မယ်ဆိုရင်တော့ တစ်ကျပ်သားကို လေးသောင်းခွဲလောက် ဆောင်ရမှာဆိုတော့ လုံးဝ အဆင်မပြေဘူး”ဟု ရွှေလုပ်ငန်းရှင် ဦးဝင်းမြင့်က ပြောဆိုသည်။
ယခုဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြုပါက ဧပြီလ ၁ ရက်နေ့မှစ၍ ရွှေစင်ရွှေတုံးများ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
ယခုဥပဒေကြမ်း၌ အထူးကုန်စည်များ၏ ကုန်သွယ်ခွန်နှုန်းထား၊ လူတစ်ဦးချင်း၏ လစာဝင်ငွေပေါ်မှ ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားနှင့် သက်သာခွင့်များကို ပြောင်းလဲထားခြင်းမရှိဘဲ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေခွန် (မော်တော်ယာဉ်နှင့် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းများမှ ပေးဆောင်ရသည့်အခွန်) နှုန်းထားများကိုမူ ယခင် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံနေရာမှ ယခုအခါ ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ထားကြောင်း ယခုဥပဒေကြမ်းအရ သိရသည်။
Credit: The Voice