တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းဝင်ကုမ္ပဏီများ တည်ဆောက်ထားသည့် အဆောက်အအုံနှင့် လမ်းများ စံချိန်မီစေရန် ကြီးကြပ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
အသင်းဝင်ထားသည့် ကုမ္ပဏီများ ဆောက်လုပ်မှုများ စံချိန်မမီကြောင်း အစိုးရ သို့မဟုတ် ဌာနများက အသင်းထံ အကြောင်းကြားပါက ပညာရှင်များဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး စိစစ်တွေ့ရှိပါက အသင်းစည်းမျဉ်း၊ စည်းကမ်းများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (တနင်္သာရီတိုင်း) ဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (တနင်္သာရီတိုင်း) ကို ထားဝယ်အခြေစိုက် ကုမ္ပဏီ ၂၀ ခန့်ဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းခဲ့ပြီး မြိတ်နှင့် ကော့သောင်းမြို့များမှ ကုမ္ပဏီများကို ဖိတ်ခေါ်ထားသည်။
“စစ်လို့ ကျွန်တော်တို့အသင်းဝင်တွေ မဟုတ်တာ လုပ်ထားတယ်၊ မှားနေတယ်ဆိုရင် သတိပေးမယ်၊ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူမယ်”ဟု အဆိုပါ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။
လက်ရှိတွင် အသင်းဝင်အဖြစ် ဆောက်လုပ်ရေးကုမ္ပဏီများကိုသာ လက်ခံနေပြီး နောက်ပိုင်းတွင် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များ၊ အင်ဂျင်နီယာများနှင့် ပန်းရန်ပန်းပု လုပ်သားများကိုပါ လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အသင်းဝင်ကြေးအဖြစ် ငွေကျပ် ၁ သိန်းသတ်မှတ်ထားပြီး လစဉ်ကြေးအဖြစ် ကျပ် ၁ သောင်း ကောက်ခံကြောင်း သိရသည်။
“ဘာပဲဖြစ်ဖြစ် အသင်းဝင်ဖို့ ဆန္ဒရှိတယ်။ အသင်းဝင်ထားမှ လုပ်ငန်းတွေကို စုစုစည်းစည်းနဲ့ ဆွေးနွေးလုပ်ကိုင်နိုင်မယ်”ဟု ထားဝယ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်။
ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက တာဝန်ယူမှု တာဝန်ခံမှုများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရက အကောင်အထည်ဖော်မည့် ဆောက်လုပ်ရေးစီမံကိန်းများကို အသင်းမှ တာဝန်ယူလက်ခံကာ အသင်းဝင်ကုမ္ပဏီများအား ခွဲဝေလုပ်ဆောင်စေမည်ဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့တွင် အစိုးရက အကောင်အထည်ဖော်သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအချို့ကို တိုင်းဒေသကြီးအစိုးရနှင့် ချိတ်ဆက်ပြီး အသင်းအနေနှင့် တာဝန်ယူကာ အသင်းဝင်ကုမ္ပဏီများအား ခွဲဝေလုပ်ဆောင်စေကြောင်း သိရသည်။
Credit: The Voice