ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် စည်းကြပ်မှုမှကင်းလွတ်နေသော အခွန် (အိမ်၊ ခြံ၊ မြေ၊ မော်တော်ယာဉ် ရောင်းဝယ်ခြင်းများမှ ပေးဆောင်ရသည့်အခွန်) နှုန်းထားကို အခွန်အကောက်ဥပဒေကြမ်းတွင် လျှော့ချလိုက်သည်။
ယင်းသို့ဆိုပါက ကားဈေးနှင့် အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း အဆိုပါလုပ်ငန်းရှင်များထံမှ သိရသည်။
၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ ဝင်ငွေခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ်ကောက်ခံခဲ့သော်လည်း ယခု ဥပဒေကြမ်းအရ ပစ္စည်းတစ်ခုဝယ်ယူပြီး ခြောက်လအတွင်း အခွန်ပေးဆောင်မည်ဆိုပါက ယင်းပစ္စည်းတန်ဖိုး၏ သုံးရာခိုင်နှုန်းနှင့် ဒုတိယခြောက်လအတွင်း အခွန်ပေးဆောင်မည်ဆိုပါက ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။
ယင်းဥပဒေမူကြမ်းသစ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက ဧပြီလ ၁ ရက်နေ့မှစ၍ ယင်းနှုန်းထားအတိုင်း ပေးဆောင်ရတော့မည်ဖြစ်သည်။
ထိုသို့ ဝင်ငွေခွန်နှုန်းထားများ လျှော့ချကောက်ခံမည်ဆိုပါက အိမ်၊ ခြံ၊ မြေ ဈေးနှုန်းနှင့် မော်တော်ယာဉ်ဈေးနှုန်းများ ကျဆင်းလာနိုင်ပြီး ဈေးနှုန်းမြင့်မားသည့် အိမ်၊ ခြံ၊ မြေနှင့် မော်တော်ယာဉ်များ၏ ဈေးနှုန်းများ ပိုမိုကျဆင်းမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။
ဥပမာအားဖြင့် ဆိပ်ကမ်းအရောက် မော်တော်ယာဉ်တန်ဖိုး (CIF) အမေရိကန်ဒေါ်လာ ၇၂၀၀၀ ရှိ ၂၀၁၆ မော်ဒယ်လ် Lexus LX570 ဆိုပါက ယခင်ကနှုန်းထားဟောင်းဖြင့်ဆိုပါက ကျပ်သိန်း ၅၂၀ ဝန်းကျင် ပေးဆောင်နေရာမှ ယခုနှုန်းထားသစ်ဖြင့် ကျပ် ၆၃ သိန်းကျော်သာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း Distinct Trading ကုမ္ပဏီထံမှ သိရသည်။
“ဝင်ငွေခွန် မဆောင်ရသေးတဲ့ကားတွေ ခဏလောက်တော့ စောင့်လို့ရရင် စောင့်ကြပါ။ ကားအတွက်ပဲ မဟုတ်ပါဘူး။ တခြား အိမ်၊ ခြံ၊ မြေ နာမည်ပြောင်းတာတို့ဆိုရင်လည်း သက်သာသွားပါလိမ့်မယ်”ဟု အဆိုပါကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောဆိုသည်။
၂၀၁၇ ဥပဒေတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုမည့်ငွေသည် ဝင်ငွေရလမ်းဖော်ပြ (ငွေဖြူ) နိုင်ပါက အခွန်ပေးဆောင်စရာမလိုဘဲ ငွေဖြူမပြနိုင်မှသာ အခွန်ပေးဆောင်ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
လက်ရှိ ၂၀၁၇ ဥပဒေတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ် ၁၀၀,၀၀၀,၀၀၁ မှ အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံရန် ပြဋ္ဌာန်းထားသည်။
Credit: The Voice