ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်တွင် တည်ဆောက်ထားသော တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူရန် လူ ၄၃၀ ကျော် လျှောက်ထားကြောင်း ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
တိုက်ခန်းဝယ်ရန် နိုင်ငံ့ဝန်ထမ်း ၂၆၀ ဦး၊ ကုမ္ပဏီဝန်ထမ်း ၂၁ ဦး၊ အငြိမ်းစား ၈၀ ဦးနှင့် ဝင်ငွေနည်းသူ ၇၀ ဦးတို့ လျှောက်ထားကြောင်း၊ ၁၀ နှစ်အထက်တာဝန်ထမ်းဆောင်ခဲ့ဖူးသော နိုင်ငံ့ဝန်ထမ်းများအတွက် ၂၈ ခန်း၊ အငြိမ်းစားဝန်ထမ်းများအတွက် ၂၂ ခန်း၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက် ၁၁ ခန်းနှင့် ပြည်သူများအတွက် ၁၁ ခန်း စုစုပေါင်း ၇၂ ခန်းတို့ကို ရောင်းချမည်ဖြစ်ကြောင်း ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းနိုင်က ပြောသည်။
“ကျွန်တော်တို့က ရောင်းတဲ့အခါ သုံးပိုင်းခွဲလိုက်တယ်။ အုပ်စုလိုက်ပေါ့ ဥပမာ - နိုင်ငံ့ဝန်ထမ်းထဲမှာ လက်ငင်းငွေချေမယ့်သူရယ်၊ ဘဏ်စုငွေနဲ့ ဝယ်မယ့်သူရယ်၊ ဘဏ်စုငွေမရှိဘဲ ချေးငွေနဲ့ဝယ်မယ့်သူရယ်၊ နောက်အုပ်စုတွေမှာလည်း ဒီလိုပဲ ခွဲထားတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ခန်းများကို ရောင်းချရာတွင် မဲစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မဲနှိုက်ရွေးချယ်ရာတွင် ဆောက်လုပ်ရေးနှင့် အခြားဘဏ်များတွင် အိမ်ရာစုဆောင်းငွေ စာရင်းဖွင့်လှစ်ထားသူ ဦးစားပေးရွေးချယ်မည်ဖြစ်သည်။
ရောင်းချမည့်တိုက်ခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၁၅၀ မှ သိန်း ၂၂၀ ကျပ်တို့ဖြစ်ပြီး ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ၂၀၁၆ - ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ၁ ဒသမ ၅ ဘီလီယံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
Credit: The Voice