ဂျပန်ရှိ ၀ါရင့်စီးပွားရေးလုပ်ငန်းစုတစ်ခုက ၎င်းတို့လုပ်ငန်းသမိုင်းတွင် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူတော့မည်ဖြစ်သည်။
Sumitomo Forestry က ကုမ္ပဏီသက်တမ်း နှစ် ၃၅၀ ပြည့်အထိမ်းအမှတ်အဖြစ် မိုးမျှော်သစ်သားအဆောက်အအုံတစ်ခုကို တည်ဆောက်ရန် အစီအစဉ်များအား ပြီးခဲ့သည့်သီတင်းပတ်က ချပြခဲ့သည်။ ကွန်ကရစ်အစား သစ်သားဖြင့် ပြုလုပ်မည်ဖြစ်သဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချသော (သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသော) အဆောက်အအုံတစ်ခုလည်း
ဖြစ်လာမည်ဖြစ်သည်။
W350 စီမံကိန်းဟု အမည်ပေးထားသော ယင်းအဆောက်အအုံသည် အထပ်ပေါင်း ၇၀၊ အမြင့် မီတာ ၃၅၀ ဖြင့် ကမ္ဘာ့အမြင့်ဆုံး သစ်သား အဆောက်အအုံ ဖြစ်လာမည်ဖြစ်သည်။ လက်ရှိတွင် ဂျပန်၌ အမြင့်ဆုံး အဆောက်အအုံသည်ပင် အိုဆာကာရှိ မီတာ ၃၀၀ မြင့်သော Abeno Haukas မိုးမျှော်တိုက်အဆောက်အအုံ ဖြစ်သည်။
တိုကျို၏ မာရူနိုအူချီဘဏ္ဍာရေးခရိုင်တွင် တည်ရှိမည့် W350 စီမံကိန်းသည် အကောင်အထည်ပေါ်ပြီးမြောက်ရန်အတွက် ဂျပန်ယန်း ဘီလျံ ၆၀၀ (အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံ) ခန့် ကုန်ကျမည်ဖြစ်သည်။ ၎င်းအဆောက်အအုံတွင် လူနေအိမ်ခန်းများ၊ ဟိုတယ်ခန်းများ၊ ရုံးခန်းများနှင့် စီးပွားရေးလုပ်ငန်းနေရာများ ပါဝင်မည်ဖြစ်သည်။
အဆောက်အအုံတစ်ခုလုံးအား သစ်သားနှင့် သံမဏိ (စတီးလ်) တို့ကို ၉ အချိုး ၁ အချိုးတို့ဖြင့် သစ်သားသံမဏိနှစ်မျိုးစပ် ဆောက်လုပ်မည်ဖြစ်သည်။ အတွင်းပိုင်းတွင် သစ်သား အဓိက ပါဝင်မည်ဖြစ်ကာ ငလျင်ဒဏ်၊
အခြားသဘာဝဘေးဒဏ်များနှင့် ပြင်ပဘေးရန်များမှ ခံနိုင်ရည်ရှိသော သိုင်းကြိုးထိန်းထားသည့် ပြွန်ပုံစံကို အခြေပြုတည်ဆောက်မည် ဖြစ်သည်။
အဆောက်အအုံ၏ ဗိသုကာပိုင်းကို တိုကျိုအခြေစိုက်ကုမ္ပဏီ Nikken Sekkei က ဦးဆောင်တာဝန်ယူမည် ဖြစ်သည်။ ၎င်း W350 စီမံကိန်းအတွက် ဆောက်လုပ်မှု ကုန်ကြမ်းအဖြစ် သစ် ၁၈၅,၀၀၀ ကုဗမီတာ (၆ ဒသမ ၅ သန်း ကုဗပေ) ကို သုံးစွဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com