ထိုင်းနိုင်ငံအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သော Central Group နှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land တို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗြိတိန်သံရုံးကို ဝယ်ယူလိုက်ကြောင်း နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်များစွာတွင် ဖော်ပြသည်။
ဗြိတိန်အခြေစိုက် ပြည်ပနှင့်ဓနသဟာယရုံး (FCO) ၏ ဖော်ပြချက်အရ ယခုအရောင်းအဝယ်သည် ထိုင်းနိုင်ငံသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံးမြေယာအရောင်းအဝယ်တစ်ခုဖြစ်သည်ဟု ဆိုသည်။
Central Group သည် ထိုင်းမိသားစုတစ်ခု ပိုင်ဆိုင်သည့် အိမ်ခြံမြေနှင့် လုပ်ငန်းစုံကုမ္ပဏီတစ်ခု ဖြစ်သည်။အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ ပေါင်သန်း ၄၂၀ (ကန်ဒေါ်လာ ၅၉၇ ဒသမ ၅၅ သန်း) ဖြစ်သည်။
ဘန်ကောက်၏ နာမည်ကျော် ဈေးဝယ်စင်တာကြီးတစ်ခုဖြစ်သည့် Central Embassy အနီးတွင်တည်ရှိပြီး မြေအကျယ်အဝန်းမှာ ၉ ဒသမ ၉ ဧကခန့် ရှိသည်။
ဗြိတိန်သည် ကိုင်ရို၊ နယူးဒေလီနှင့် ဝါရှင်တန်ဒီစီ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အဆောက်အအုံပေါင်း ၃၀ မှ ၄၀ ကြားကို ခေတ်မီအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ပေါင် ၁ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) သုံးစွဲသွားရန် ရည်မှန်းထားသည်ဟု ဆိုသည်။
ယခုသံရုံးရောင်းချရငွေမှာ အဆိုပါရည်မှန်းချက်ဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
သံရုံးအဆောက်အအုံသစ်ကို ဘန်ကောက်မြို့၊ စီးပွားရေးအချက်အခြာနေရာတွင်တည်ရှိသည့် AIA ဆထုံတာဝါတွင် အခြေစိုက်မည်ဟု ဆိုသည်။
ဘန်ကောက်ရှိ ဗြိတိန်သံရုံးအဆောက်အအုံကို ၁၉၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ယခုပြောင်းရွှေ့မည့် သံရုံးနေရာမှာ ပိုမိုအချက်အခြာကျသည့် နေရာတွင် တည်ရှိခြင်းကြောင့် ထိုင်း-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးသာမက ဒေသတွင်းကုန်သွယ်ရေး ချိတ်ဆက်မှုများ ပြုလုပ်ရာတွင် ပိုမိုလွယ်ကူကောင်းမွန်လာစေမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ပြောကြားသည်။
ဗြိတိန်သည် ယခုရောင်းချလိုက်သည့် သံရုံးနေရာကို ၁၉၂၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘရက်ဇစ် (ဥရောပသမဂ္ဂမှ နှုတ်ထွက်ခြင်း) နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းပေါ်ပေါက်မှုတွင် အသုံးစရိတ်များ လျှော့ချလာခဲ့ပြီးနောက် ယခုကဲ့သို့ ရောင်းထုတ်မှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
သံရုံးကို အဆင့်မြှင့်တင်ရန်နှင့် မွမ်းမံထိန်းသိမ်းရန်အတွက် ငွေကြေးများစွာ ကုန်ကျနေခြင်းကြောင့် အခွန်ထမ်းပြည်သူတို့အတွက် အကောင်းဆုံးဖြစ်စေမည့် စီမံကိန်းများကို ချမှတ်ရခြင်းဖြစ်ပြီး ယခုခြေလှမ်းမှာ ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးရုံးမှာ လက်ထောက်အမြဲတမ်းအတွင်းဝန် ဆိုင်မွန် မက်ဒေါ်နယ်က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)