ရန်ကုန်မြို့တွင်းမြို့နယ်ဖြစ်သည့် လမ်းမတော်မြို့နယ်ရှိ နောက်ဖေးလမ်းကြား ၁၄ ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ကာ ကွန်ကရစ်ခင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
အဆိုပါ လမ်းမတော်မြို့နယ်တွင် ယခုလက်ရှိ နောက်ဖေးလမ်းကြား၌ စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များကို ရှင်းလင်းကာ နောက်ဖေးလမ်းကြား ခုနစ်ခုကို ယခုဘဏ္ဍာနှစ်အတွင်း ခြောက်လက်မအမြင့်ရှိသည့် ကွန်ကရစ်များကို ခင်းကျင်းပေးလျက်ရှိကြောင်း လမ်းမတော်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်အေးက ပြောကြားသည်။
“အခုလက်ရှိ နောက်ဖေးလမ်းကြား ၇ ခုကို ကွန်ကရစ်ခင်းကျင်းတာတွေ ဆောင်ရွက်နေပါတယ်။ လာမယ့်ဘဏ္ဍာနှစ်မှာ မိုးအကုန် အောက်တိုဘာလကစပြီး နောက်ဖေးလမ်းကြား ၁၄ ခုကို ကွန်ကရစ်ခင်းမယ်။ အခုအဆင့်မြှင့်တင်တာကို တိုင်းဒေသကြီးဘတ်ဂျက်နဲ့ ဆောင်ရွက်တာပါ”ဟု ၎င်းက ဆိုသည်။
လမ်းမတော်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၅ ခု၊ ယခု ၂၀၁၇-၂၀၁၈တွင် နောက်ဖေးလမ်းကြား ၇ ခု ကွန်ကရစ်များ ခင်းကျင်းပြီးပါက လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နောက်ဖေးလမ်းကြား ၁၄ ခုကို ကွန်ကရစ်များ ထပ်မံခင်းကျင်းရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ယခင်က လမ်းမတော်မြို့နယ်ရှိ နောက်ဖေးလမ်းကြားအချို့တွင် မီးဖိုချောင်သုံး စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုကြောင့် အနံ့ဆိုးများ ထွက်ပေါ်လျက်ရှိပြီး ယခုလက်ရှိ နောက်ဖေးလမ်းကြားများ ရှင်းလင်းပြီး ကွန်ကရစ်ခင်းပြီးပါက ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ကြောင်း လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကိုမင်းမင်းက ဆိုသည်။
ထိုသို့ ကွန်ကရစ်ခင်းကျင်းပြီးပါက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများကို ၂၀၁၃ စည်ပင်သာယာရေး အက်ဥပဒေ ပုဒ်မ (၆၈) အရ ပြစ်မှုထင်ရှားကာ တရားစီရင်ခြင်းခံရပါက ဒဏ်ငွေ အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံးငါးသိန်းအပြင် ထောင်ဒဏ်တစ်နှစ် ချမှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
Credit: The Voice