မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားသည့် အဆိုပါမြို့နယ်များရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်တိုက်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြည်သူများ (အထူးသဖြင့် ၀င်ငွေနည်းပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ ကုမ္ပဏီဝန်ထမ်းများ) ထံသို့ ရောင်းချပေးမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာစီမံကိန်းများ ဦးစီးကော်မတီရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခန်းများ ၀ယ်ယူခွင့် လျှောက်ထားလိုသူများအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား အသက် ၂၃ နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး မိသားစု (အိမ်ထောင်စုပုံစံ ၆၆/၆) တစ်စုတွင် တစ်ဦးသာ လျှောက်ထားခွင့်ရှိမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ပိုင်/မြေပိုင်မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းတိုက်ခန်း ၀ယ်ယူခွင့်လျှောက်ထားသူ၏ မိသားစုဝင်ငွေသည် တစ်လကျပ်သုံးသိန်းနှင့် ကျပ်ငါးသိန်းကြားရှိရမည်ဖြစ်ပြီး တန်ဖိုးသင့်တိုက်ခန်းဝယ်ယူ ခွင့်လျှောက်ထားသူ၏ မိသားစုဝင်ငွေသည် ကျပ်ငါးသိန်းနှင့် ကျပ် ၁၂ သိန်းကြားရှိရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းများ ၀ယ်ယူလိုသူများသည် သတ်မှတ်ပုံစံလျှောက်လွှာများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို မိမိနေထိုင်သည့် မြို့နယ်၏သက်ဆိုင်ရာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို မတ် ၃ ရက် နောက်ဆုံးထားကာ မိမိဝယ်ယူခဲ့သည့်သက်ဆိုင်ရာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ထောက်ခံချက်များ၊ လျှောက်ထားသူလိုက်နာရမည့် စည်းကမ်းချက်များ၊ ရောင်းချပေးမည့် တိုက်ခန်းများစာရင်း၊ အဆောက်အအုံပုံစံများနှင့် ဈေးနှုန်းများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။
Credit: Eleven Media Group