အကဲစမ်းနေသည့် နိုင်ငံရေးအနေအထားအရ အိမ်ခြံမြေ၀ယ်လက်များက စောင့်ကြည့်မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးနေသဖြင့် မလေးရှားအိမ်ခြံမြေဈေးကွက်သည် ယခုနှစ်တွင် အပြောင်းအလဲမရှိ တည်ငြိမ်မည်ဟု ခန့်မှန်းရကြောင်း အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Rahim & Co က ထုတ်ပြန်ခဲ့သည်။
"ကြည့်ရသလောက် ၂၀၁၈ သည် ကျွန်ုပ်တို့ အိမ်ခြံမြေဈေးကွက်အတွက် နောက်ထပ်ခက်ခဲသော နှစ်တစ်နှစ် ဖြစ်လာမည်ဖြစ်သည်။ သို့ပေမဲ့ အများအပြားက လာမည့် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်များသည် နိုင်ငံအတွက် ပိုမိုခိုင်မာသော လမ်းကြောင်းတစ်ခုကို ပေးပြီး အိမ်ခြံမြေကဏ္ဌတွင် ဈေးကွက်အဟုန် ပြန်တက်လာစေမည်ဟု မျှော်လင့်နေကြသည်။" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဈေးကွက်က ပြိုလဲလာပြီဟု ပြောဖို့ရာ စောသေးနိုင်သော်လည်း ၂၀၁၇ နှစ်ကထက် ၂၀၁၈ ခုနှစ်မှာ အခြေအနေ အများကြီး ပိုဆိုးလာနိုင်တယ်လို့တော့ မခန့်မှန်းရပါဘူး" ဟု ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့သည်။
လူနေအိမ်ခြံမြေကဏ္ဌတွင် တန်ဖိုး မလေးရှားရင်းဂစ် ၅သိန်းဝန်းကျင်ခန့်အထိ ရှိသော၊ တန်ဖိုးနည်းအိမ်ရာအပိုင်းအခြားအတွင်းရှိ စီမံကိန်းများ ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်းလည်း Rahim & Co ၏ ထို ၂၀၁၇ အိမ်ခြံမြေဈေးကွက်စစ်တမ်းနှင့် ၂၀၁၈ အိမ်ခြံမြေအလားအလာအစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ရုံးခန်းကဏ္ဌတွင် ရောင်းလိုအားပိုလျှံနေမှုများ ဆက်လက်ရှိနေနိုင်မည်ဖြစ်ကာ စက်မှုလုပ်ငန်းကဏ္ဌတွင်မူ ၀ယ်လိုအား မြင့်တက်နိုင်ကြောင်းလည်း ခန့်မှန်းခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com