နိုင်ငံရှိ ကမ္ဘာ့အဆင့်မီ ဆေးရုံများနှင့် နိုင်ငံတကာစာသင်ကျောင်းများ ရှိပြီး မန်ဒရင်းက တရားဝင်ဘာသာစကားလေးမျိုးအနက် တစ်ခုအပါအ၀င်ဖြစ်ခြင်း တို့ကြောင့် စင်္ကာပူသည် တရုတ်ရင်းနှီးမြှုပ်နှံသူများအကြား တစ်ဟုန်ထိုး ရေပန်းစားလျက်ရှိသည်။
တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် ဟောင်ကောင်က အဓိကနေရာအဖြစ် ဆက်လက်ရပ်တည်နေသော်လည်း တရုတ်ကြေးရတတ်လူတန်းစားများသည် သူတို့၏ ဓနဥစ္စာတို့အား သိမ်းဆည်းရန် လုံခြုံသော နတ်ဘုံနတ်နန်းတစ်ခုအဖြစ် စင်္ကာပူအား မျက်စိကျနေသည်။
ဟောင်ကောင်၏ ပြောင်းလဲလာသော ဘဏ်လုပ်ငန်းလုပ်ထုံးလုပ်နည်းများကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက မလုံမခြုံခံစားလာရသောကြောင့် ထိုကဲ့သို့ ဖြစ်လာခြင်းလည်း ဖြစ်သည်။
ဟောင်ကောင်တွင် ဘဏ်များအနေဖြင့် တရုတ်ပြည်မကြီးအပါအ၀င် ဒေသပေါင်းစုံမှ အကောင့်ပိုင်ရှင်များအားလုံး၏ အချက်အလက်များကို ဟောင်ကောင်တာဝန်ရှိသူများထံ သတင်းပို့ရန် လိုအပ်သည့် အခွန်ပွင့်လင်းမြင်သာမှုသဘောတူညီချက်များက စတင်အာဏာ သက်ရောက်နေပြီဖြစ်သည်။
စင်္ကာပူတွင်လည်း အလားတူသဘောတူညီချက်များ ရှိသော်လည်း ဟောင်ကောင် မပါဝင်သကဲ့သို့ ပေကျင်းလည်း မပါဝင်ပေ။ သို့ဖြစ်ရာ စင်္ကာပူရှိ ဘဏ်အကောင့်ပိုင်ရှင်များအား အချက်အလက်တစ်စုံတစ်ရာကိုမျှ တရုတ်အစိုးရအနေဖြင့် သိခွင့်မရှိပေ။
"ပြည်မကြီးက ချမ်းသာတဲ့သူတော်တော်များများက ဟောင်ကောင်ဟာ တရုတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေဆဲလို့ အခုတိုင် ယူဆကြပါတယ်။ ငွေတွေကို ဟောင်ကောင်မှာပဲ ထားထား ပေကျင်းမှာပဲ ထားထား ဘာမှမကွာဘူးလို့ သူတို့ ထင်ကြပါတယ်" ဟု ဟောင်ကောင်ရှိ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်း Noah Holdings Ltd. ၏ သုတေသနအရာရှိချုပ် ရှားချွမ်းက ပြောကြားခဲ့သည်။
သူတို့အတွက် ရင်းနှီးမြှုပ်နှံမှုရန် အခြားနေရာထက် ပိုမိုဦးစားပေးနှစ်သက်သည့် ပြည်ပနေရာအဖြစ် ဟောင်ကောင်အား စဉ်းစားကြသော တရုတ်လူချမ်းသာဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၇၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်းကိုလည်း Bain & Co. ၏ စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ စင်္ကာပူကို မိုမိုနှစ်သက်သူဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။
ဟောင်ကောင်တွင်ထက် အိမ်ခြံမြေဈေး ပိုမိုသက်သာခြင်းနှင့်အတူ တရုတ်ပြည်မကြီးသည် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်တွင် စင်္ကာပူရှိ အဆင့်မြင့်အိမ်ခြံမြေများအား အများဆုံးဝယ်ယူသည့် နိုင်ငံခြားဝယ်လက်များ ဖြစ်ခဲ့ကြောင်းလည်း အမေရိကန်အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ Cushman & Wakefield က ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com