ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများအနက်မှ ၁၅ ရာခိုင်နှုန်းကို အငြိမ်းစားဝန်ထမ်းများအား ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
အဆိုပါတိုက်ခန်းများကို ယခုလတွင် ရောင်းချပေးသွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးသည့် တိုက်ခန်း ၁၀၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကို အငြိမ်းစား ဝန်ထမ်းများအတွက် ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နောက်ထပ် ရောင်းချမယ့် တိုက်ခန်းတွေကျရင်လည်း အငြိမ်းစားဝန်ထမ်းတွေကို ၁၅ ရာခိုင်နှုန်း ရောင်းချပေးမယ်”ဟု ၎င်းကဆိုသည်။
ဝယ်ယူခွင့် လျှောက်ထားသူများအနေနှင့် ကျပ်သိန်း ၁၀၀ တန် တိုက်ခန်းဝယ်ယူမည်ဆိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကနဦးပေးချေ ရမည်ဖြစ်ပြီး ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)ထံမှ သိရသည်။
ရောင်းချပေးသွားမည့် အိမ်ရာများမှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များမှ တန်ဖိုးနည်း အိမ်ရာများဖြစ်ပြီး နောက်ထပ် အငြိမ်းစားဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အစိုးရပိုင်မြေ ၁၈၃ ဧကပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းကာ နိုင်ငံအတွင်း တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာများ အကောင်အထည် ဖော်လျက်ရှိပြီး လက်ရှိတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အိမ်ရာများ အကောင်အထည်ဖော်လျက်ရှိသည်။
Credit: The Voice